ရေးသားသူ-မောင်ခိုင်မင်း
နိရဉ္စရာ(ဆောင်းပါး)- ဇူလိုင် ၁၆/၂၀၂၅
ရခိုင်ပြည်တစ်ခုလုံးစစ်ကောင်စီကင်းစင်ရေးနဲ့စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးကိုတိုက်ပွဲဝင်နေတဲ့ ရခိုင်ပြည်သူတွေရဲ့ သားသမီးတွေနဲ့ ဖွဲ့စည်းထားတဲ့ အာရက္ခတပ်တော်(AA) ဟာသူတမူ ထူးလောက်အောင် တိုက်ခိုက်ရေးစွမ်းဆောင်မှုမြင့်မားနေတာတွေ့ရတယ်။ ပလက်ဝမြို့နယ် အပါအဝင်မြို့နယ်ပေါင်း (၁၅) မြို့နယ်ကိုသိမ်းယူထားနိုင်ပြီး ရခိုင်ပြည်အတွင်းက နောက်ထပ်မြို့သုံးမြို့သာ ဆက်လက်သိမ်းယူဖို့သာ ကျန်ပါတော့တယ်။ အေအေဟာ ရခိုင်ပြည်တွင်းသာမက မြန်ပြည်အနှံ့က ရည်ရွယ်ချက်တူ လက်နက်ကိုင်အဖွဲ့များစွာနဲ့လည်းမဟာမိတ်ဖွဲ့ပြီး မြန်မာပြည်နေရာအနှံ့က စကစကို တိုက်ပွဲဝင်နေတာလည်းတွေ့ရပါတယ်။ ရခိုင်ပြည်အတွင်းကနပခစစ်ဌာနချုပ်အပါအဝင်နခခ၊စကစ ဌာနချုပ်တွေနဲ့ဗျူဟာခံတပ် စခန်းပေါင်းများစွာကိုလည်း တိုက်ခိုက်ချေမှုန်းသိမ်းယူထားပြီးလည်း ဖြစ်ပါတယ်။
စစ်တွေ၊ကျောက်ဖြူ၊မာန်အောင်သုံးမြို့တို့သာ ကျန်ရှိပါတော့တယ်။ စစ်တွေက ပြည်နယ် မြို့တော်လည်းဖြစ်၊ပြည်နယ်အစိုးရရုံးစိုက်ရာနဲ့စစ်ဖက်ရေးရာတပ်ပေါင်းစုံတွေ ရှိနေသလိုပြည်ပရင်းနှီးမြုပ်နှံမှုနဲ့ အိန္ဒိယရဲ့ ကုလားတန်စီမံကိန်းကလည်းရှိနေတယ်။ မာန်အောင်ဆိုတာကလည်း ပင်လယ်ထဲက ကျွန်းတစ်ကျွန်းဖြစ်ပေမယ့် သူကလည်းသူ့နည်းသူ့ဟန်၊ သူ့သဘာ၀အလှနဲ့ တန်ဖိုးရှိတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။အေအေကတော့ ဘာဘဲဖြစ်ဖြစ်မြို့အားလုံးကိုအနှေးနဲ့အမြန်သိမ်းယူဖို့ရည်ရွယ်ထားပါလိမ့်မယ်။
ကျောက်ဖြူကတော့အသစ်တည်ဆောက်မယ့် အထူးစီးပွားရေးဇုန် SEZ (Special Economic Zone )နဲ့ ရေနက်ဆိပ်ကမ်း (Deep Sea Port) စတဲ့ တရုတ် စီမံကိန်းကြီးတွေလည်း ရှိနေပြီး တရုတ်နိုင်ငံကများမကြာမီ ရင်းနှီးမြုပ်နှံမှုတွေ စလုပ်နိုင်ဖို့ကြံရွယ်ထားတာကို တွေ့ရပါတယ်။ နောက်တခါရခိုင်ကမ်းလွန်က ထွက်ရှိတဲ့သဘာ၀ဓာတ်ငွေ့ (GAS)ဂတ်စ်ကိုကျောက်ဖြူမြို့အနီးOGT စက်ရုံက သန့်စင်ပြီး တရုတ်နိုင်ငံ အရောက်ပိုက်လိုင်းသွယ်တန်း ရောင်းချထားတာ (၁၀ )နှစ် အထိရှိလာနေပြီဖြစ်ပါတယ်။ ဝင်ငွေအနေနဲ့ တနှစ်ကိုဒေါ်လာ US$ သန်းပေါင်းတစ်ထောင်ကျော်ခန့် ရရှိပါတယ်။ ပြီးတော့ဂတ်စ်ကလျှပ်စစ်စွမ်းအင်ထုတ်လုပ်မယ့် Power China, V Power စတဲ့ စက်ရုံတွေလည်း တည်ဆောက်ပြီး ရှိနေကြပါတယ်။ နောက်တခုက ကျောက်ဖြူမြို့အနီးမဒေးကျွန်းဆိပ်ကမ်းကို ရေနံစိမ်းတင်သင်္ဘော( ဂါလံသိန်းချီတင်) ဆောင်ပြီးတစ်လနှစ်ခေါက်ခန့် ဝင်ထွက်နေတာကိုလည်း တွေ့နေရပါတယ်။ ဒီကတဆင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အရောက်အဆင့်ဆင့်တွန်းစက်တွေနဲ့ပို့ပေးနေပါတယ်။ မြေငှားရမ်းခ၊ သင်္ဘောဝင်ထွက်ခ၊ ပိုက်လိုင်းဖြတ်သန်းခစတာတွေလည်း မြန်မာအစိုးရကများစွာသော အကျိုးအမြတ်တွေ ရနေပြန်တယ်။
ဒေသခံ ရခိုင်ပြည်သူပြည်သူဘက်ကို ပြန်ကြည့်ရရင်တော့ “ ဖောင်စီးရင်းရေငတ်” ဆိုသလို ရွှေဘုံပေါ်မှာ ထိုင်ပြီး ထမင်းငတ်နေကြရပါတယ်။ အများစုပြည်သူတွေကတော့ အခုအချိန်ထိ ဒီစီမံကိန်းကြီးတွေက ဘာဆိုဘာမျှ မခံစားရတဲ့အပြင် ဆင်းရဲတွင်းသံသရာမှာ နစ်မြုပ်နေကြရပါတယ်။ ဒါ့အပြင် သစ်တောပြုန်းတီးတာ၊ ရေသယံဇာတ ပြုန်းတီးတာ၊ လယ်မြေတွေအပါအဝင် ဘိုးဘွား ဘီဘင် လက်ထက်ကတည်းက လုပ်ကိုင်စားသောက်လာတဲ့ မြေယာတွေ ဆုံးရှုံးတာတွေနဲ့ သာ အဖတ်တင်ပြီး တရုတ်နဲ့ မြန်မာဗဟိုအစိုးရတို့ရဲ့ စိတ်ကြိုက်ချယ်လှယ်မှုကို ခံနေကြပြန်ပါတယ်။
နောက်တစ်ခု တရုတ်ကလျာထားရှိတဲ့ ကူမင်း- ကျောက်ဖြူရထားလမ်းပါဘဲ။ပြောချင်တာကတရုတ်နိုင်ငံကုန်းတွင်းပိတ်ယူနန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင်လိုအပ်ချက်သာမက ထုတ်ကုန်အမျိုးမျိုးကိုကမ္ဘာအနှံ့ ဖြန့်ချီသယ်ပို့ရောင်းချနိုင်ရေးအတွက် တရုတ်နိုင်ငံဟာကျောက်ဖြူကို ဦးတည်ပြီးကြီးမားတဲ့ မျှော်မှန်းချက်တွေထားရှိတယ်ဆိုရင် မမှားနိုင်ပါဘူး။BRI ပိုးလမ်းမကြီးရဲ့ တစ်စိတ်တစ်ဒေသဆိုပါတော့။ ဒါကြောင့်လည်း အထူးစီးပွားရေးဇုန် (SEZ) စီမံကိန်းတွေကို အကောင်အထည် ဖေါ်ဖို့ နဝတ၊ နအဖအစိုးရခေတ်ကစပြီး ဦးသိန်းစိန်အစိုးခေတ်၊ NLD အစိုးရခေတ်တွေ တလျှောက်လုံးမှာ MOU စာချုပ်အဆင့်ဆင့် လက်မှတ်ရေးထိုးလာခဲ့ကြတာကိုလည်း တွေ့ရပါတယ်။
ခုတခါမင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီလက်ထက် ရခိုင်စစ်ရေးအပြင်းထန်ဆုံးကာလအတွင်းမှာလည်း ထပ်ပြီး MOU ကို ကောက်ကာငင်ကာ လက်မှတ် ရေးထိုးလိုက်တာကိုလည်း တွေ့ရတယ်။
တခြားတခုကNLD အစိုးရလက်ထက်ဒေါ်အောင်ဆန်းစုကြည်နဲ့တရုတ်သမ္မတချီကျင့်ဖျင်တို့ ထပ်ဆင့် MOU လက်မှတ်ရေးထိုးထားတဲ့အထဲက စကစ သဘောမတွေ့တဲ့ အချက်တစ်ချို့ ရှိတာကြောင့် မင်းအောင်လှိုင်က ထပ်ဆင့် လက်မှတ်ရေးထိုးရမှာကိုဟိုရွှေ့ဒီရွှေ့လုပ်ထားရာက (ဘာရယ်တော့မသိ) ခုတခါအထက်ကပြောသလို စစ်ရေးပြင်းထန်ဆဲအချိန်မှာ လက်မှတ်ရေး ထိုးလိုက်ကြပါတယ်။
AA နဲ့စကစ နှစ်ဘက် ကျောက်ဖြူတိုက်ပွဲစတင်ပြီးနောက်ပိုင်းမှာလည်း ကျောက်ဖြူအထူး စီးပွားရေးဇုန် (SEZ) ကို အကောင်အထည်ဖော်မယ့် စကားကို တွင်တွင်ကျယ်ကျယ် ပြောနေတာကဘာရည်ရွယ်ချက်တွေနောက်ကွယ်မှာရှိနေသလဲဆိုတာဘယ်သူမှ သာမန်ပြည်သူတွေ မသိနိုင်သလိုစဉ်းစားရလည်း ကျပ်လှပါတယ်။ ကမူးရှူးထိုးနဲ့ မြေပြင်အခြေမှန်ကို မသိဘဲလုပ်တာတော့ မဖြစ်နိုင်ပါဘူး။ နောက်ကွယ်မှာဘာဝှက်ဖဲတွေ ရှိနေသလဲဆိုတာတော့ မပြောတတ်ပါဘူး။
ထူးဆန်းတာတခုက ကျောက်ဖြူတိုက်ပွဲအစနဲ့ အလယ်တလျှောက်လုံး စကစဖက်က AA ရှိရာကို ဝင်ရောက် ထိုးစစ်ဆင်လာခြင်းပါဘဲ။ ရခိုင်ပြည်အနှံ့မြို့သိမ်းစစ်ပွဲ အားလုံးဟာ AAက ထိုးစစ်ဆင်တာသာဖြစ်ပြီး ကျောက်ဖြူတိုက်ပွဲကျတော့ စကစက တန်ပြန် ထိုးစစ်ဆင်နေခြင်းက တမူ ထူးခြားနေသလိုလိုပါ။ ပြီးတော့ အခုဖြစ်နေတဲ့ ကျောက်ဖြူစစ်မြေပြင် အားလုံးဟာ အထူးစီးပွားရေးဇုန် ( SEZ) အတွက် လျာထားမြေနေရာတွေ ဖြစ်နေပြန်ပါတယ်။
အားလုံးကိုခြုံပြီးဆန်းစစ်ကြမယ်ဆိုရင် တရုတ်နိုင်ငံရဲ့အခန်းကဏ္ဍက ကျောက်ဖြူအတွက် သက်ရောက်မှု ကြီးမားနေတာကသေချာပါတယ်။ ဖေဖေါ်ဝါရီ (၂၀)က စတင်ခဲ့တဲ့ကျောက်ဖြူ တိုက်ပွဲဟာတစစနဲ့ လေးလအတွင်း ရောက်ရှိလို့လာနေပါပြီ။ကျေးရွာပေါင်း (၃၀ )ခန့်က လူပေါင်းများစွာဟာလည်း စစ်ဘေးရှောင်ဘဝ ရောက်နေကြသလို တချို့ရွာတွေ မီးလောင်ပြာကျ ခံလိုက်ရပါပြီ။ စစ်ရှောင်တွေအနေနဲ့ မိုးတွင်းကာလမိုးများတဲ့ ရခိုင်ပြည်အတွင်း အမိုးအကာ မလုံမခြုံ၊ ကျန်းမာရေးအတွက်လည်း အလွန်စိုးရိမ်ဖွယ်ကောင်းလှပါတယ်။ နေထိုင်စရာ၊စားသောက်စရာ၊ ကျန်းမာရေး၊ ပညာရေး စတာတွေအားလုံးအခက်အခဲတွေချည်းပါဘဲ။
ဘာဘဲဖြစ်ပါစေ ပုံစံမျိုးစုံနဲ့ဘဝကို ရုန်းကန်ရင်း စိတ်အားထက်သန်ဆဲ ရှိနေကြတဲ့ ပြည်သူတွေဟာ ချီးကျူးလေးစားလောက်စရာပါ။ တာဝန်တွေအများကြီးကျေပွန်ကြပါတယ်။ Marketing စကားမှာ“ဝယ်သူဖက်က အမြဲမှန်” ဆိုသလို ခုချိန်ကာလထိပြည်သူဖက်က အမြဲမှန်နေဆဲပါ။ ဒါပေမဲ့သူတို့ မျှော်မှန်းထားတဲ့အချိန်ကာလနဲ့ ရည်မှန်းချက်အတိုင်းဖြစ်မလာတဲ့အရွှေ့တစ်ခုကို မမျှော်လင့်ဘဲ ရောက်ရှိလာခဲ့မယ်ဆိုရင်တော့ သူတို့အမှန်ဘဲ တောင့်ခံနိုင်ဖို့အခက်အခဲတွေ ရှိသွားကြမယ်ဆိုတာတော့ သေချာနေပါတယ်။
ကျောက်ဖြူမြို့မှာ သစ်ပုတ်တောင် အခြေစိုက်ဓညဝတီရေတပ်ဌာနချုပ်နဲ့ စစ်တပ် တပ်ရင်း (၃) ခုကလွှဲရင် စကစတပ်ရင်း၊တပ်ဖွဲ့တွေလည်း အများကြီးရှိနေတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် စကစအနေနဲ့ အင်အားတွေ ထပ်တိုးချနေတာကလည်းသေချာလှပါတယ်။ ဒီနေရာမှာAA တပ်တော် အနေနဲ့ကလည်း ပြည်သူကိုပေးထားတဲ့ ကတိအတိုင်း အစွမ်းကုန် ကြိုးစားရမယ့် အချိန်တခုကို ရောက်ရှိလို့နေပါပြီ။ တဖက်ကလည်း စစ်မပမ်းဖို့အရေးကြီးသလို ပြည်သူ့စည်းရုံးရေး မကျဆင်းဖို့အထူး ဂရုပြုရမဲ့ ကာလလည်းဖြစ်ပါတယ်။ ပြည်သူကို မျက်နှာမူဗဟိုပြုဖို့ အလွန်အရေးကြီးပါတယ်။
မသေချာတဲ့သတင်းတခုက တရုတ်နည်းပညာအဖွဲ့က ဒရုန်းစစ်ဆင်ရေးနည်းပညာ အထောက်အကူ ပြုနေတယ်ဆိုတာပါဘဲ။တကယ်သာ ဒီသတင်းစကား မှန်နေခဲ့ရင် အေအေဖက်က တရုတ်ကို ပြန်ပြီး ဖိအားပေးနိုင်ဖို့ လိုပါလိမ့်မယ်။ တကယ်တော့ရခိုင်မှာ တရုတ်ပိုက်လိုင်းတွေ ဖြတ်သန်းနေတဲ့နေရာအားလုံးကို အေအေကထိန်းချုပ်ထားရှိပါတယ်။ တရုတ်နိုင်ငံက ကြားခံညှိနှိုင်းမှု ပြုလာသည့်တိုင် ရက္ခိတ ပန်းတိုင်၊ ရက္ခိတလမ်းစဉ်၊ ရက္ခိတအိမ်မက်ကရှိနေတာမို့ ULA/AA ဟာသံတမန်စကား၊သံတမန် ကျင့်ဝတ်လည်းမပျက်စေရ၊ မိမိပန်းတိုင်လည်း မြန်မြန်ရောက်အောင် လိမ်မာပါးနပ်စွာကစားရမှာ ဖြစ်ပါတယ်။ ပြည်သူထံကလာတဲ့ သတင်းစကားကတော့“ဒီမိုးရာသီမကုန်ပါစေနဲ့“ ဟူ၍သာဖြစ်ပါတယ်။ စစ်ကြာလာရင် ဘေးထွက်ဆိုးကျိုးများတတ်ပါတယ်။
တရုတ်က ကြားဝင်ညှိနှိုင်းဖို့ ကြိုးစားနေကြောင်းလည်း သိုးသိုးသန့်သန့်ကြားရပြန်တယ်။ တကယ်လို့သာတရုတ်ကြားဝင်ညှိနှိုင်းမှုအရ လက်ကျန်ရခိုင်ပြည်မြို့သုံးမြို့ကနေ စကစက ရုတ်သိမ်းပေးလိမ့်မယ်ဆိုတာကလည်း ဖြစ်နိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ သူ့အဖို့ အစိုးရဆိုတဲ့ဂုဏ်သိက္ခာ ပုဒ်ကို ထိန်းသိမ်းထားတတ်သလို ခပ်မြက်မြက်မြိန်ရည်ယှက်ရည် စားသောက်နေရတဲ့သဘာ၀ သယံဇာတရောင်းရငွေကလည်းအမှောင့်ပယောဂဖြစ်နေတတ်ပါတယ်။ ဒီလိုအခြေအနေတစ်ရပ်ကို ရောက်ရှိလာတဲ့အခါ ULA/AA အနေနဲ့ Resource Sharing လုပ်ပြီးစစ်ပွဲရပ်မှာလား(ဒါမှမဟုတ်) ဘဝတူမဟာမိတ်ဆက်ဆံရေးကိုဆက်လက်ထိန်းထားမှာလား (ဒါမှမဟုတ်) အကန့်အသတ်တွေရှိနေတဲ့ စစ်ပွဲကို ဆက်လက်ဆင်နွဲနေမှာလားဆိုတဲ့အချက်တွေကမိမိ အရင်းခံအနေအထားနဲ့ အရှိတရားအပေါ် မူတည်ပြီး နက်နက်ရှိုင်းရှိုင်းစဉ်းစားလုပ်ကိုင်တတ်ဖို့အလွန်အရေးကြီး နေပါတယ်။ ခေါင်းဆောင်တွေအဖို့ ခေါင်းခဲစရာတွေ အများကြီး ကြုံလာရနိုင်ဖွယ် အနေအထားလည်း ရှိနေပါတယ်။
ဘာဘဲဖြစ်ဖြစ်ကျောက်ဖြူဆိုတဲ့အမည်နာမက မာကျောဖြူဖွေးတဲ့ ကျောက်ခဲဖြစ်နေသလို ပုလဲလုံးလိုသန့်ရှင်းလှပနေတာမို့ချစ်စဖွယ် ကောင်းလှပါတယ်။ ဒါပေမယ့် အခြေမလှလို့ဘေးပယောဂအမျိုးမျိုးတွေကြောင့် အရောင်ဆိုးခြင်း ခံလာရတဲ့အခါ (ကျောက်မဲ) အဆင့်သို့ ပြောင်းပြန်လှန် ရောက်ရှိသွားရမှာကိုတော့ ဘယ်ပြည်သူတစ်ဦး တစ်ယောက်ကမျှ လိုလားမှာမဟုတ်ပါဘူးဆိုတဲ့ ပဟေဠိဆန်ဆန်သွယ်ဝှိုက်စကားနဲ့ဘဲ နိဂုံးကံမ္မအဆုံးသတ်လိုက်ရပါကြောင်း။ ကျောက်ခဲလေးတွေ ထာဝရဖြူဖွေးကြပါစေ။
(အတ္တဟိ အတ္တတနော နာထော)
မောင်ခိုင်မင်း (၆-၇-၂၀၂၅)
(စာရေးဆရာမောင်ခိုင်မင်းသည်ကျောက်ဖြူဒေသခံဖြစ်ပြီးနိရဉ္စရာဂျာနယ်တွင် ဆောင်းပါးများ ရေးသားနေသူ တစ်ဦးဖြစ်ပါသည်။)