ရေးသားသူ- မောင်မေယု(ဘူးသီးတောင်) နိရဉ္စရာ(ဆောင်းပါး) ဇူလိုင် ၂၀/၂၀၂၅
ရခိုင်ပြည်တွင်အရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည်ကွမ်းစားခြင်းကိုပိတ်ပင် တားဆီးတော့မည်ဟုအရပ်ထဲ၌သတင်းများထွက်နေသည်။ သို့သော်လည်းစာထုတ်ပြီးကြေညာခြင်းမျိုးမရှိချေ။အရပ်ထဲ၌ပြောဆိုနေကြသောအရပ်စကားသာဖြစ်သည်။
သို့သော်လည်းတိုင်းတပါးမှတင်သွင်းသောကွမ်းနှင့်သက်ဆိုင်သည့်ပစ္စည်းများကိုအခွန်များစွာ ကောက်ခံမှုများရှိနေသည်။ အာရက္ခတပ်တော်တပ်စခန်းများထဲ၌လည်းကွမ်းစားခြင်းကိုပိတ်ပင်တားဆီးမှုများရှိကြောင်းသိရှိရပါသည်။
တပ်တော်၏ဂိတ်များကိုဖြတ်သန်းသွားလာသည့်အခါတွင်လည်းပြည်သူများအနေဖြင့် ဂိတ်ဧရိယာအတွင်း ကွမ်းရည်များမပစ်ချရချေ။ပစ်မိပါကနောက်တစ်ခါမပစ်ရန် အသိပေးခြင်းများ၊ အပြစ်ပေးခြင်းများကိုပြုလုပ်လေ့ရှိသည်။
သို့ဖြစ်၍ အာရက္ခပြည်သူ့ တော်လှန်ရေးအစိုးရသည်ရောဂါအများစုကိုဖြစ်စေတတ်သောကွမ်းစားခြင်းကိုနှစ်သက်ပုံမရချေ။ထို့ကြောင့်အချိန်တစ်ခု၌ပိတ်ပင်တားဆီးမှုများ လုပ်ကောင်းလုပ်လာနိုင်ပေသည်။
ကွမ်းသည်ရခိုင်လူမျိုးတို့၏“ပိုင်စရာ” တစ်မျိုးပင်ဖြစ်ပါသည်။“ ပိုင်စရာ” ဆိုသည်မှာရခိုင်တို့၏ကိုယ်ပိုင်စကားဖြစ်ပြီးထမင်း၊ဟင်းမှအပကျန်စားသောက်ဖွယ်ရာများကို ဆိုလိုပါသည်။
သို့ဖြစ်၍ကွမ်းသည်လူတို့အတွက်အဓိကအစားအစာမဟုတ်ဟုဆိုလိုခြင်းဖြစ်ပါသည်။ကွမ်းစားခြင်းသည်ဆိုးကျိုးပေါင်းများစွာကိုဖြစ်စေသော်လည်းရခိုင်လူမျိုးအများစုကွမ်းစားကြသည်ကိုတွေ့ရသည်။
ဤကွမ်းစားခြင်းကိုရခိုင်လူမျိုးတို့မည်သည့်အချိန်ကာလကပင်စခဲ့ကြသည်ကိုကျွန်တော်ခန်းမှန်း၍မပြောတတ်ချေ။
သို့သော်လည်းရခိုင်ရာဇဝင်ထဲ၌ကွမ်းနှင့်ပက်သတ်သောမှတ်တမ်းများကိုရှာဖွေတွေ့မိလေသည်။ထိုမှတ်တမ်းများကိုဗဟုသုတအဖြစ်ဝေမျှချင်၍ဤဆောင်းပါးကိုရေးသားလိုက်ရခြင်းဖြစ်ပါသည်။
ရခိုင်တို့၏မြောက်ဦးခေတ်ဘုရင်သီရိသုဓမ္မရဇာမင်းလက်ထက်တွင်ပေါ်တူဂီလူမျိုးခရစ်ယာန် ဘုန်းတော်ကြီးမန်နရိတ်သည်မြောက်ဦးရွှေမြို့တော်ကြီးသို့ရောက်ရှိခဲ့ပါသည်။ ရခိုင်၏ပိုင်နက် စစ်တကောင်းနယ်စပ်မှာ နေထိုင်သော ပေါ်တူဂီလူမျိုးတို့၏ အကျိုးတော်ဆောင် သံတမန်အဖြစ်ရောက်ရှိခဲ့ခြင်းလည်းဖြစ်သည်။ထိုသို့ရောက်ရှိခဲ့ခြင်းကိုထိုဘုန်းတော်ကြီးသည်မှတ်တမ်းအဖြစ်ရေးသားထားခဲ့ပါသည်။ထိုမှတ်တမ်းကိုမန်နရိတ်မှတ်တမ်းဟုလူသိများကြသည်။
ထိုမှတ်တမ်းထဲတွင်ကွမ်းနှင့်ပတ်သတ်သောအရာများကိုတွေ့ရှိရပါသည်။ ဘုန်းတော်ကြီးမန်နရိတ်သည်စစ်တကောင်းနယ်စပ်မှမြစ်ကူး၊တောင်ကျော်၍ပဲရုံမြို့ကို ရောက်ရှိလာခဲ့ပါသည်။ထိုမြို့ကိုရောက်ရှိသောအခါပဲရုံမြို့စားအားအခစားဝင်လေသည်။ထိုချိန်တွင်ပဲရုံမြို့စားမှသူ့ကိုဝမ်းမြောက်စွာလက်ခံကြိုဆိုပြီးကွမ်းဖြင့်ဧည့်ခံလေသည်ဟု ပါရှိလေသည်။ထို့ကြောင့်ရခိုင့်ရာဇဝင်ထဲကပဲရုံမြို့စားသည်ကွမ်းကြိုက်သူတစ်ဦးဖြစ်မည်မှာသေချာပါသည်။
ထိုမြို့မှတဆင့်မန်နရိတ်တို့သည်မြစ်ကြီးကိုခက်ခဲစွာကူး၍ကူတောင်ကမ်းကိုရောက်ရှိခဲ့ကြသည်။ထိုကမ်းမှဦးရာဇ်တောင်ရေတပ်စခန်းသို့သွားကြသည်။ထိုမှတဆင့်ဘုရင်ကြီးဥပုသ်စောင့်ရန်ရောက်ရှိနေသောမဟာမုနိဘုရားသို့သွားကြလေသည်။
မဟာမုနိဆိပ်ကမ်းသို့ရောက်ရှိသောအခါဘုရင့်အိမ်တော်ဝန်နှင့်ဦးစွာတွေ့ရှိရလေသည်။ ဘုရင့်အိမ်တော်ဝန်သည်ဆင်ကြီးတစ်ကောင်ကိုစီး၍လာခဲ့သည်။ထိုဆင်အားသက်တော် စောင့်လေးဆယ်ခန့်ကဝိုင်းရံထားသည်။ထိုနောက်တွင်လူငယ်လူရွယ်များမှအိမ်တော်ဝန်၏ အသုံးအဆောင်ပစ္စည်းများဖြစ်သောဆေးရွက်ကြီးဘူး၊ပန်းတူ(ဆေးတံ) ၊မီးခဲများထည့်ထားသည့်ခွက်၊ကွမ်းအစ်၊အဖျော်ရည်ထည့်ထားသည့်ကရားနှင့်ရေဇလုံများကိုကိုင်၍လိုက်ပါလာခဲ့ကြသည်ဟုပါရှိလေသည်။ထို့ကြောင့်ဘုရင့်အိမ်တော်ဝန်သည်လည်းကွမ်းကြိုက်သူတစ်ဦးဖြစ်လေမည်။
ဘုန်းတော်ကြီးမန်နရိတ်သည်မြောက်ဦးရွှေနန်းတော်တွင်ဖွားတော်မိဖုရားကြီးရှင်ထွေးနှောင်းနှင့်လည်းတွေ့ဆုံဖြစ်ခဲ့သည်။ထိုသို့တွေ့ဆုံရန်ရောက်ရှိသွားသောအခါဖွားတော်မိဖုရားကြီးအားအမှုတော်ထမ်းတို့ကကွမ်းအစ်ကိုဆက်သနေကြသည်ဟုပါရှိလေသည်။ထို့ကြောင့်ဖွားတော်မိဖုရားကြီးသည်လည်းရာဇဝင်ထဲကကွမ်းကြိုက်သူဖြစ်လေသည်။
နောက်ပြီးထိုမှတ်တမ်းတစ်နေရာတွင်ဘုရင်သီရိသုဓမ္မရာဇာကဘုန်းတော်ကြီးမန်နရိတ်အား ကျောက်မျက်ရတနာတို့စီခြယ်ထားသောကွမ်းအစ်တစ်ခုကိုလက်ဆောင်အဖြစ်ပေးခဲ့သည်ဟု ပါရှိလေသည်။ထို့ကြောင့်ရခိုင်လူမျိုးတို့၏မြောက်ဦးခေတ်တွင်ကွမ်းသည်ထီးသုံးနန်းသုံးလူကြိုက်အများဆုံးပိုင်စရာဖြစ်နေသည်ကိုတွေ့ရသည်။
သို့သော်ရခိုင်လူမျိုးတို့သည်ကွမ်းကိုမြောက်ဦးခေတ်ရောက်မှစားတတ်ကြခြင်းမဟုတ်ချေ။ မြောက်ဦးခေတ်ထက်ရှေးကျသောလေးမြို့ခေတ်တွင်လည်းကွမ်းနှင့်ပတ်သတ်သော ရာဇဝင်ရှိသည်ကိုဖတ်ရှုရပါသည်။
ထိုရာဇဝင်မှာနန်းတိုင်တွင်ထုံးသုတ်မိ၍လက်ညိုးကိုဖြတ်ခဲ့သောဘုရင်မင်းထီးအကြောင်းပင်ဖြစ်သည်။ဘုရင်မင်းထီးသည်လေးမြို့ခေတ်၌ထင်ရှားသောရခိုင်ဘုရင်တစ်ပါးဖြစ်သည်။ကမ္ဘာ့နန်းသက်အရှည်ဆုံးဘုရင်အဖြစ်လည်းလူသိများကြသည်။တရားစောင့်သောမင်းထီးဟုလည်း
သိကြ၏။ထိုမင်းလက်ထက်၌နန်းတိုင်တွင်ထုံးသုတ်လျှင်သုတ်သည့်လက်ညိုးကို ဖြတ်မည်ဟုအမိန့်ထုတ်ခဲ့လေသည်။ဤသို့အမိန့်ထုတ်ခြင်းသည်နန်းတွင်းထဲ၌ကွမ်းစားကြသူတို့များလာ၍ထုံးကိုစည်းကမ်းမဲ့မသုတ်ကြရန်တားမြစ်ခြင်းဖြစ်ပေမည်။
ထိုအမိန့်ကိုသူကိုယ်တိုင်ချိုးဖောက်မိ၍သူ့လက်ညိုးကိုသူကိုယ်တိုင်ဖြတ်ပစ်ခဲ့သောရာဇဝင်ရှိလေသည်။ထို့ကြောင့်မြောက်ဦးခေတ်ထက်ရှေးကျသောလေးမြို့ခေတ်တွင်လည်းရခိုင်လူမျိုးတို့ကွမ်းစားနေကြပြီဖြစ်ကြောင်းမှတ်သားရပါသည်။
လေးမြို့ခေတ်ထက်ရှေးကျသောဝေသာလီကျောက်လှေကားခေတ်၌ကွမ်းရာဇဝင်ရှိမရှိ လေ့လာဖြစ်သောအခါတွင်လည်းကွမ်းနှင့်ပက်သတ်သောအရာတစ်ခုကိုတွေ့ရှိရလေသည်။ ဝေသာလီပြည်ကြီး၌သိင်္ဂစန္ဒရားမင်းကြီးနတ်ရွာစံသောအခါသားတော်စူဠစန္ဒရား မင်းဖြစ်လာခဲ့သည်။ထိုမင်းအသက်ရွယ်ကြီးလာသောအခါဂေါင်းမူးခြင်းဝေဒနာကို ခံစားလာရ၏။ထိုသို့ဖြစ်ရခြင်းမှာသင်းတွဲပြည်၌ခွေးသတ္တဝါဖြစ်ခဲ့ဖူးချိန်က သေဆုံးသောအခါထိုခွေးခေါင်းသည်ညောင်ပင်ခွကြား၌ညှပ်ကျန်ခဲ့ကြောင်း၊ညောင်ပင် ကြီးလာသောအခါကျပ်၍ပါလေကြောင်း၊လေတိုက်တိုင်းထိုညောင်ပင်လှုပ်သည့်အတွက် အရှင်မင်းကြီး၏ဦးခေါင်းလည်းမူးနောက်ရခြင်းဖြစ်ကြောင်းနတ်မျက်စိအမြင်ကိုရကြသော ဟူးရားတတ်ပညာရှိတို့ကလျှောက်တင်ကြလေသည်။ထိုအခါဘုရင်ကြီးသည်သင်းတွဲပြည်သို့ ပင်လယ်ခရီးချီတက်လေသည်။
လမ်းခရီး၌မင်းကြီးသည်ကွမ်းစားလေသည်။ကွမ်းရည်ကိုပင်လယ်ထဲသို့ ထွေးပစ်ချလိုက်သောအခါထိုကွမ်းရည်အားနဂါးမင်းသမီးစားမိသည်ဆို၏။ထိုအခါ နဂါးမင်းသမီးသည်ကွမ်းရည်ပိုင်ရှင်မှာခုနှစ်ဘဝဆက်တိုက်လင်ဖြစ်ဖူးသူဖြစ်ကြောင်းသိရှိသွားလေသည်။သို့ဖြစ်၍ထိုကွမ်းရည်ပိုင်ရှင်အားယူဆောင်ပေးရန်ဖခင်နဂါးမင်းကြီးအား တောင်းဆိုလေသည်။နဂါးမင်းကြီးကသင်းတွဲပြည်မှပြန်လာသောအခါယူပေးမည်ဟု ကတိပြုလေသည်။
ဘုရင်မင်းကြီးတို့သင်းတွဲပြည်သို့ရောက်ရှိသွားသောအခါသင်းတွဲပြည်မှမင်းကြီးတို့ ကြိုဆိုကြသည်။လက်ဆောင်ဆက်ကြသည်။ထိုညောင်ပင်ကိုရှာ၍မီးတိုက်ကြသည်။ ထိုနေရာတွင်စေတီတစ်ဆူတည်သည်။သုံးလခန့်နေထိုင်ပြီးသောအခါပြန်လာကြလေသည်။ အပြန်ခရီး၌ပင်လယ်ပြင်တွင်နစ်မြုပ်၍ကံကုန်ခဲ့လေသည်ဟုသိရှိရပါသည်။သို့ဖြစ်၍ ဝေသာလီခေတ်တွင်လည်းရခိုင်လူမျိုးတို့ကွမ်းစားနေကြပြီဖြစ်ကြောင်းသိရှိရပါသည်။
ဝေသာလီခေတ်ထက်ရှေးကျသောဓညဝတီခေတ်၌ရခိုင်လူမျိုးတို့ကွမ်းစား၊မစားဆိုသည်ကို ထပ်ပြီးလေ့လာရန်လိုအပ်ပါသည်။ဤဆောင်းပါး၌ဖော်ပြခဲ့သောအထောက်အထားများအရ ရခိုင်လူမျိုးတို့သည်ဝေသာလီကျောက်လှေကားခေတ်ကပင်ကွမ်စားနေကြပြီဖြစ်ကြောင်း သိရှိနိုင်ပါသည်။
သို့သော်လည်းထိုချိန်ကစားခဲ့သောကွမ်းသည်ယခုအချိန်တွင်စားနေကြသည့်ကွမ်းရွက်၊ထုံး၊ကွမ်းသီးနှင့်စားခြင်းလားဆိုသည်ကိုလည်းလေ့လာရန်လိုအပ်ပါမည်။ကျွန်တော်သည်သုတေသီတစ်ဦးမဟုတ်သည့်အတွက်တိတိကျကျမဖော်ထုတ်နိုင်ချေ။
မည်သို့ပင်ဆိုစေကာမူကွမ်းစားခြင်းသည်ရောဂါအမျိုးမျိုးကိုဖြစ်စေနိုင်သည့်အတွက်ကွမ်းကိုအများကြီးမစားခြင်းသည်အကောင်းဆုံးပင်ဖြစ်သည်။
ဤဆောင်းပါးကြောင့်ရခိုင်လူမျိုးတို့ဝေသာလီခေတ်ကပင်ကွမ်းစားခဲ့ကြသည်ဆိုပြီး အမျိုးဂုဏ်ကိုထိန်းသိမ်းသည့်အနေဖြင့်ကွမ်းကိုစားကြရမည်ဟုလည်းအထင်မရောက်စေချင်ပေ။ခန္ဓာကိုယ်အတွက်ဘေးဥပဒ်ဖြစ်စေတတ်သောအရာဟူသမျှကိုရှောင်ကြည်ခြင်းသည်အကောင်းဆုံးပင်ဖြစ်ပါသည်။
လူတို့သည်အလေ့အကျင့်ဖြစ်နေသည့်အရာတစ်ခုကိုရုတ်တရက်ဖျောက်ဖျက်ရန်ခက်ခဲ တတ်ကြသည်။ရခိုင်ပြည်၌ကွမ်းစားခြင်းသည်အလေ့အကျင့်တစ်ခုအဖြစ်စွဲမြဲနေကြပြီ ဖြစ်သည်။ခေတ်အဆက်ဆက်လက်ဆင့်ကမ်းစားလာခဲ့ကြသောပိုင်စရာတစ်မျိုးဖြစ်နေသည့် အတွက်လည်းပိုပြီးခက်ခဲမည်။
သို့ဖြစ်၍ရခိုင်လူမျိုးနှင့်ကွမ်းကိုခွဲ၍ရမည်မဟုတ်တော့ချေ။သို့သော်လည်းကွမ်းကိုထုံး၊ဆေးမဲ (သို့) ရွှေလက်ဝါး၊ကွမ်းသီးဤသုံးမျိုးနှင့်သာစားမည်ဆိုလျှင်ဘေးထွက်ဆိုးကျိုးများများစွာရှိနိုင်မည်မဟုတ်တော့ချေ။
ထိုကွမ်းယာမျိုးကိုရိုးရိုးကွမ်းယာဟုခေါ်လေ့ရှိကြပြီးရိုးရိုးကွမ်းယာသည်သာရခိုင်လူမျိုးတို့ အတွက်ပိုင်စရာဖြစ်သင့်ပါသည်။ဆေးရွက်ကြီးအပါအဝင်အခြားအမျိုးအမည်အမျိုးမျိုးများဖြင့်ပြုလုပ် ထားသောပေါင်းဆေး၊နှပ်ဆေး၊စပ်ဆေးစသည့်အပိုထည့်စားသည့်အရာများကိုထည့်မစားလျှင်ကျန်းမာရေးအတွက်အကောင်းဆုံးပင်ဖြစ်သည်။အစိုးရအနေဖြင့်ပြည်သူတို့ ကောင်းကျိုးအတွက်ပိတ်ပင်တားဆီးခြင်းမျိုးပြုလုပ်မည်ဆိုပါလျှင်လည်းထိုအပိုထည့်စားသည့် အရာများကိုသာပိတ်ပင်တားဆီးခြင်းမျိုးပြုလုပ်သင့်ပေသည်။
ကျွန်တော့်အနေဖြင့်ဤဆောင်းပါး၌ကွမ်း၏ဆိုးကျိုး၊ကောင်းကျိုး၊အစိုးရနှင့်ကွမ်းစသည့် အကြောင်းအရာများကိုအဓိကဝေဖန်ထောက်ပြချင်ခြင်းမဟုတ်ချေ။
ရခိုင့်ရာဇဝင်ထဲ၌ရှိနေသောကွမ်းနှင့်ပက်သတ်သည့်အကြောင်းအရာများကိုခေတ်လူငယ်တို့ ဗဟုသုတအဖြစ်သိရှိထားရန်ထုတ်နုတ်တင်ပြချင်ခြင်းသာဖြစ်ပါသည်။အဆုံးသတ်ရလျှင် ရခိုင်လူမျိုးနှင့်ကွမ်းသည်ခေတ်အဆက်ဆက်ကပင်ချိတ်ဆက်မှုရှိနေပြီးကွမ်းသည်ရခိုင်လူမျိုးတို့၏ထီးသုံးနန်းသုံးပိုင်စရာတစ်မျိုးဖြစ်ကြောင်းတင်ပြလိုက်ရပါသည်။
မောင်မေယု(ဘူးသီးတောင်)
ကိုးကား -
(၁) ရခိုင်ရာဇဝင်သစ်ကျမ်း (အသျှင်စန္ဒမာလာလင်္ကာရ)
(၂) အဖရခိုင်ပြည်နှင့်မြောက်ဦးရွှေမြေ (မောင်ကျော်ဇော)
(၃) ရခိုင်သမိုင်းထဲကဘဝသင်ခန်းစာ (မင်းပြားမင်းသိန်းဇံ)
ဦးအောင်မင်းသူ၊တောင်ရပ်ကွက်၊ဘူးသီးတောင်မြို့။၀၉၂၅၀၁၂၄၁၈၆
ကိုယ်တိုင်ရေးသည့်စာမူသစ်ဖြစ်ပါသည်။
"မောင်မေယု(ဘူးသီးတောင်)သည် ဘူးသီးတောင်မြို့ ဒေသခံ စာရေးဆရာတစ်ဦးပြီး ဆောင်းပါး၊ ၀တ္ထု၊ ကဗျာများကို မကြာခဏ ရေးသားနေသူတစ်ဦးဖြစ်ပါသည်။