နှင်းဝေဝေကျော်
စစ်တွေ၊ ဇွန် ၂၇/ ၂၀၁၉ (စီးပွားရေး)
ယခုလက်ရှိ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသောတိုက်ပွဲများကြောင့် စစ်တွေမြို့တွင် ဆန်ဈေးကွက်တွင် ဆန်ရောင်းအားကျဆင်းနေသည်ဟု သိရသည်။
စစ်တွေမြို့ရှိ ဆန်ပွဲရုံပိုင်ရှင်တစ်ဦးဖြစ်သူ ဒေါ်နုအေးခင်က“ အခုလို ဆန်ရောင်းအားကျတာကတော့ မိုးရာသီကြောင့်ဖြစ်သလို ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြောင့်လည်း ဖြစ်ပါတယ်”ဟု ပြောသည်။
ယခင်နှစ်များက ဆန်ရောင်းအားကျဆင်းနေသည့်အချိန်များတွင်တောင်မှ တစ်ရက်လျှင် သူမ၏ ဆန်ပွဲရုံမှ အနည်းဆုံး ဆန်အိတ် ၅၀ မှ ၁၀၀ ကြား ရောင်းချခဲ့ရသော်လည်း ယခုနှစ်တွင် တစ်ရက်လျှင် ဆန်တစ်အိတ်မျှ မရောင်းရသည့် ရက်များလည်းရှိကြောင်း သူမက ပြောဆိုသည်။
စစ်တွေဆန်ဈေးကွက်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး မြို့များမှ မှာယူရောင်းသည့်ဆန်များမှာ ဈေးနှုန်း အတက်အကျ မရှိသော်လည်း ပြည်မဘက်မှ မှာယူရောင်းချရသည့်ဆန်များမှာ သယ်ယူမှု အခက်အခဲများရှိသောကြောင့် ဆန်တစ်အိတ်လျှင် ၃၀၀၀ ခန့် ဈေးမြင့် တက်နေကြောင်းလည်း သိရသည်။
ဆန်ပွဲရုံပိုင်ရှင် ဒေါ်နုအေးခင်က“ ဗမာပြည်ဘက်က ကားသမားတွေက တိုက်ပွဲတွေကြောင့် ဒီဘက်ကိုမလာရဲကြတဲ့အတွက် သံတွဲဘက်က ကားသမားတွေကို သယ်ခိုင်းရတယ်။ အရင်တုန်းက ဆန်တစ်အိတ်ကို ကားနဲ့သယ်ခ ၄၅၀၀ လောက်ပေး၇ပေမယ့် အခုတော့ ၆၀၀၀၊ ၆၅၀၀ လောက်ပေးပြီး သယ်ရတယ်”ဟု ဆက်လက်ပြောသည်။
လက်ရှိတွင် စစ်တွေဆန်ဈေးကွက်အတွင်း ပေါ်ဆန်းမွှေးတစ်အိတ်လျှင် ၃၅၀၀၀ ကျပ်မှ ၃၈၀၀၀ ကျပ်အတွင်း၊ သီရိဒုံတစ်အိတ်လျှင် ၂၅၀၀၀ ကျပ်နှင့် ရွှေဝါထွန်းတစ်အိတ်လျှင် ၂၃၀၀၀ ကျပ် ဈေးရှိနေကြောင်းလည်း သိ၇သည်။