ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်အစိုးရပိုင်မြေတွင် အဆင့်မြင့်ဆိုင်ခန်းများဆောက်လုပ်ရန် အကျိုးတူပူးပေါင်းမည့်ကုမ္ပဏီများအား ဖိတ်ခေါ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဇူလိုင် ၂၀၁၉
  • | ကြည့်ရှုသူ: 7.4k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ ဇူလိုင် ၂၃

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ပိုင်မြေတွင် အဆင့်မြင့်အရောင်းဆိုင်ခန်းများဆောက်လုပ်ရန် အကျိုးတူ ပူးပေါင်းမည့် ကုမ္ပဏီများအား စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဖိတ်ခေါ်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ သိရသည်။

အကျိုးတူဆောင်ရွက်မည့် ကုမ္ပဏီများအတွက် လျှောက်လွှာပုံစံနှင့် စည်းကမ်းများကို ဇူလိုင်လ ၂၁ ရက်နေ့မှ သြဂုတ်လ ၁ဝ ရက်နေ့ ညနေ ၄ နာရီ ခွဲအချိန်အထိ စစ်တွေရှိ ရခိုင်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ရောင်းချနေပြီဖြစ်ကြောင်း သိရသည်။

"အခု ကျနော်တို့ဆီကို ကုမ္ပဏီတွေကို ခေါ်လိုက်မယ်။ ခေါ်လိုက်တဲ့အခါ သူတို့ ဘယ်လိုလုပ်မလဲ။ အထပ် ဘယ်လောက်ဆောက်မလဲ။ သူတို့အဆောက်အအုံနဲ့ သူတို့ ဆောက်ရတော့မှာလေ။ ကျနော်တို့နဲ့ အကျိုး တူပူးပေါင်းပြီးတော့ လုပ်ဆောင်မလဲ။ သူတို့ တင်ပြလာတဲ့အပေါ်မှာမူတည်ပြီးတော့မှ ကျနော်တို့အတွက် အကျိုးအမြတ်လည်းရှိတယ်၊ သူတို့ရဲ့ Structure ၊ သူတို့ရဲ့ဒီဇိုင်းတွေလည်း ကြိုက်တယ်ဆိုလို့ရှိရင် အဲဒီကုမ္ပဏီနဲ့ ကျနော်တို့ ပူးပေါင်းပြီးတော့ လုပ်ဆောင်သွားမယ်ပေါ့။"ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်က နိရဥ္စရာကို ပြောသည်။

အဆင့်မြင့်ဆိုင်ခန်းများဆောက်လုပ်မည့်နေရာသည် ၄၅ ပေ × ၃၃ဝ ပေ ကျယ်ဝန်းပြီး စစ်တွေမြို့၊ မိဇံရပ်ကွက်၊ မိဇံပန်းခြံအနီး ကမ်းနားလမ်းရှိ မြို့လယ်ချောင်းဘေးနှင့် ရခိုင်ပြည်နယ်အစိုးရနှင့် BXT ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသည့် မြို့သစ်တိုးချဲ့စီမံကိန်းအနီးတွင် တည်ရှိကြောင်း သိရသည်။

အဆင့်မြင့်ဆိုင်ခန်းများကို စစ်တွေရှိ လမ်းဘေးကျူးကျော်ဆိုင်ခန်းများပပျောက်သွားစေရန်နှင့် စစ်တွေ အမှတ်(၁)ရဲစခန်းပတ်ပတ်လည်မှ ဖယ်ရှားခံလိုက်ရသည့်စျေးဆိုင်ခန်း ၇ဝ ကျော်အတွက်လည်း ရည်ရွယ် ဆောက်လုပ်ရန်စီစဉ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးဦးဝင်းမြင့်က ပြောသည်။

ယင်းနှင့်ပတ်သက်ပြီး စစ်တွေအမှတ်(၁)ရဲစခန်းဘေးမှ ဖယ်ရှားခံလိုက်ရသည့် လျှပ်စစ်ပစ္စည်းအရောင်းဆိုင် ပိုင်ရှင် ဦးစိုးနိုင်က "အစတုန်းကတော့ သူတို့က မြေနေရာချပေးမယ်။ မြေနေရာမှာ ဆောက်ကြပေါ့။ ဆိုတော့ အခုက အဲဒီဆိုင်ခန်းတွေကို ဦးစားပေးလို့ရောင်းပေးမယ်လို့ပြောတယ်။ ဒါက ပွဲစားစကားပြောတာပဲ။ ဝန်ကြီးစကားပြောတာ မဟုတ်ဘူး။ အဓိကတော့ အဲဒီ ၇၆ ခန်းအတွက် သက်သာသောနှုန်းထား ဘယ်လောက်နဲ့ လျှော့ပေးမယ်ဆိုတဲ့ Percentage တစ်ခုပြောလေ။ ဆိုင်ခန်းပိုင်ရှင်တွေဘက်က လျှော့ပေးတဲ့ပုံစံမျိုးဖြစ်စေချင်တယ်။ အစိုးရဘက်ကလည်း ကတိကဝတ်တွေမပျက်ရအောင်၊ ကျနော်တို့ဘက်ကလည်း အများကြီး မနစ်နာရအောင်ပေါ့။ အများနဲ့တန်းတူ ဝယ်ရမယ်ဆိုတာတော့ ဒါကတော့ ပိုက်ဆံပေးရင် ဘယ်နေရာမှာမဆို ဝယ်လို့ရတာပဲလေ။"ဟု နိရဥ္စရာကို ပြောသည်။

အဆိုပါဆိုင်ခန်းများကို ရခိုင်ပြည်နယ်အစိုးရက နှစ် ၃ဝ စီမံကိန်းဖြင့် မြေကိုသာငှားရမ်းပေးသွားမည်ဖြစ်ပြီး ဆိုင်ခန်းများတည်ဆောက်ရာတွင်ကုန်ကျမည့်ငွေကြေးများကို ကုမ္ပဏီဘက်က ကျခံပေးရမည်ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပြောသည်။

အဆိုပါဆိုင်ခန်းများကို လာမည့်ပွင့်လင်းရာသီတွင်စတင်နိုင်မည်ဟုခန့်မှန်းထားသော်လည်း အထပ်အရေအတွက်နှင့် ဆိုင်ခန်းအရေအတွက်အပါအဝင် ဆိုင်ခန်းများအား မည်သို့မည်ပုံရောင်းချသွားမည်ဆိုသည်ကို တည်ဆောက်မည့် ကုမ္ပဏီနှင့် ဆက်လက်ညှိနှိုင်းသွားရဦးမည်ဟုလည်း ဆိုသည်။

ဆက်စပ် သတင်းများ