သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မောင်တောနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုပိတ်ထားရ၍ ဘူးသီးတောင်မြို့နယ်တွင်ဓနိ၊ဝါး စျေးနှုန်းထိုးကျ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 10k

ဇွဲဓန(ကိန်းသာမြေ)

နိရဉ္စရာ၊ ဧပြီလ ၆ / ၂၀၂၁


ဘင်္ဂလာဒေ့ရှ်နှင့် လုပ်ကိုင်နေသည့် နယ်စပ်ကုန်သွယ်ရေးကို ပိတ်ထားရသဖြင့် ဘူးသီးတောင်မြို့နယ်တွင် ဓနိ၊ ဝါးစျေးနှုန်းများထိုးကျနေပြီး  ပွဲရုံပိုင်ရှင်များအရှုံးနှင့် ရင်ဆိုင်ရကြောင်း သတင်းရရှိသည်။

 

ဘူးသီးတောင်မြို့ ဓနိဝါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးက အခုလက်ရှိက မောင်တော မြို့နယ် တစ်ခုတည်းကိုသာ တင်ပို့ရောင်းချလို့ရတယ်။ မောင်တောနယ်စပ်ကုန်သွယ်ရေးကိုလည်း ကိုဗစ်ကာဖြစ်ကတည်းက ပိတ်ထားတာပါ။ ပိတ်ထားတာလည်း ၁၀ လကျော် သွားပြီ။ အခုအချိန်ထိ မဖွင့်ပေးသေးပါ။ ဘင်္ဂလားဒေ့ရှ်ကိုလည်း တင်ပို့လို့ မရဘူး။ ပီးရင် ဓနိ၊ ဝါး သုံးစွဲသူကလည်း နည်းလာတော့ ရောင်းအားလည်း ကျဆင်းသွားတာပေါ့။  ခု ဓနိနဲ့ ဝါး သုံးစွဲတဲ့ ၁၀၀ ရာခိုင်နှုန်းမှာ ၂၅ ရာခိုင်နှုန်း လောက်ပဲ ရှိတော့တယ်။ ဝယ်လိုအား မရှိတော့ စျေးနှုန်းကိုလည်း လျော့ပြီး ရောင်းရတယ်။ ကျနော်တို့က အရှုံးနဲ့ ရင်ဆိုင်နေရတယ်ဟု ပြောသည်။

 

ရခိုင်ဘက်က ဘင်္ဂလာဒေ့ရှ်သို့ တင်ပို့သော ဝါးနှစ်မျိုးရှိပြီး စိုင်းတင်ဝါးနှင့် မြောက်ဦးကလာသည့် လေးမြို့ချောင်းဝါး ဖြစ်ကြောင်း၊ ဝါးရောင်းရမှုမှာ များစွာကျဆင်းသွားပြီး ဓနိနှင့် သစ်လုံးငယ်များ ကိုသာ  အနည်းငယ် ရောင်းချရကြောင်း၊ ဝယ်ယူသုံးစွဲသူများမှာ တစ်နှစ်ထက် တစ်နှစ်  နည်းပါးလာကြောင်း၊ အကြောင်းအရင်းမှာ လက်ရှိ အိမ်များကို အုတ်၊ ဘိလပ်မြေ၊ သွပ်ပြားချပ်များနှင့် ဆောက်လုပ်လာကြ၍ ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

ဘူးသီးတောင်မြို့ ဓနိ၊ ဝါး ပွဲရုံပိုင်ရှင် ဦးသန်းသန်းမောင်က  အခု ဒီမှာတော့ ဓနိ ဝါး ရောင်းတဲ့ ပွဲရုံက ၁၅ ရုံရှိတယ်။ လာဝယ်တဲ့ လူတွေက အရမ်းကို နည်းသွားတယ်။ ကျနော်တို့က အရှုံးပေါ်တာ များတယ်။ ရောင်းလိုအားကျဆင်းသွားတာက သုံးနှစ်လောက်ရှိသွားပြီဟု ဆိုသည်။

 

တိုက်ပွဲနှင့် ကိုဗစ်ကြောင့် ရောင်းအားကျသွားပုံရကြောင်း ၎င်းက ပြောဆိုသည်။

 

ဒီနှစ်က ပိုဆိုးပါတယ်။ တိုက်ပွဲတွေဖြစ်တုန်းကလည်း ရောင်းအား ကျဆင်းတယ်။ ကိုဗစ်ကာလ မှာတော့ ရောင်းအားက ပိုဆိုးသွားတယ်။ ရောင်းအားက ၆၅ ရာခိုင်နှုန်းလောက် ကျဆင်းသွာတယ်။ ကျနော်တို့မြို့မှာက ဓနိ ဝါး သုံးစွဲသူ အရင်ဆို ၈၀ ရာခိုင်နှုန်းလောက် သုံးစွဲတယ်။ အခုက ၂၅ ရာခိုင်နှုန်းလောက်ပဲသုံးတယ်။ ဒီနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုလည်း လုံးဝ တင်ပို့လို့မရဘူး။ ကိုဗစ်ကြောင့် ပိတ်ထားတာဖြစ်တယ်။ ဓနိ၊ ဝါး စီးပွားရေးက ပျက်လုမတတ်ဖြစ်နေပြီ  ဟု ပြောသည်။

 

ဘူးသီးတောင်တွင် မြောက်ဦးက လာသော လေးမြို့ချောင်းဝါးရောင်းစျေးမှာ ဝယ်စျေး အလုံး ၁၀၀ကို ၂၆၀၀၀ကျပ်၊ ရောင်းစျေး ၂၈၀၀၀ ကျပ်ရှိကြောင်း၊ စိုင်းတင်ဝါးမှာ အလုံး၁၀၀ကို ဝယ်စျေး ၂၀၀၀၀ ကျပ်၊ ရောင်းစျေး ၂၂၀၀၀ ကျပ်၊ ဓနိမှာ အချပ် ၁၀၀ကို ဝယ်စျေး ၃၃၀၀ ကျပ်နှင့် ရောင်းစျေး ၃၈၀၀ ကျပ်ရှိကြောင်း သိရသည်။

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်စည်ကူးသန်းနေသည့် မောင်တောနယ်စပ်ကညင်ချောင်း စီးပွားရေးဇုန်ကို ပြီးခဲ့သည့် ၂၀၂၀ ပြည်နှစ်၊ ဇွန်လမှစတင်ကာ ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားခဲ့ရသည်မှာ ယခုအချိန်ထိဖြစ်သည်။

 

 ()လကြာပိတ်ထားရသည့် မောင်တောနယ်စပ် ကညင်ချောင်း စီးပွားရေးဇုန်းကို အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေး ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ(ပစက)က ကြိုးစားနေသည်ဟု သတင်းထုတ်ပြန်ရေးတာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ နေ့လယ် ၂ နာရီတွင် စစ်တွေမြို့ရှိ ပြည်နယ်ဥပဒေချုပ်ရုံး အစည်းအဝေးခန်းမတွင် သတင်းထောက် အချို့နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ