သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်ရောဂါ ကူးစက်မှုများနေ၍ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေး ရပ်တန့်သွားနိုင်ခြေရှိနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ ဧပြီ ၂၀၂၁
  • | ကြည့်ရှုသူ: 4.1k

ဆောင်းဇာခြည်
နိရဉ္စရာ၊ ဧပြီ ၂၁/ ၂၀၂၁
ဘင်္ဂလားဒေ့ရှ်တွင် ကိုဗစ်ရောဂါ ကူးစက်ပျံ့ပွားမှုများနေ၍ မြန်မာနှင့် ပြုလုပ်နေသည့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားနိုင်ခြေ ရှိနေကြောင်း စုံစမ်းသိရှိရသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေး ကုန်သည်များအသင်းမှ ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းက “ကျန်းမာရေး ဝန်ထမ်းကတော့ အရင်က အဝင်အထွက်လောက်ကိုပဲ ကြီးကြပ်တယ်။ အခုဆိုရင် အရင်ထက်ပိုပြီး ကြီးကြပ်ကြဖို့ သဘောတော့ ရှိတယ်။ အနီးကပ်ကြီးကြပ်ဖို့ အဲလိုပုံစံမျိုးတော့ လုပ်နေတယ်။ ဒီထက်ပိုဆိုးရင်တော့ ကျွန်တော်တို့ နယ်စပ်ကုန်သွယ်ရေးကို ပိတ်လိုက်ပါမယ် ” ဟု ပြောသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကိုဗစ်ကြောင့် ဧပြီ ၂၀ ရက်နေ့က ၉၁ ဦး၊ ဧပြီ ၁၉ ရက်နေ့အတွင်း သေဆုံးသူ ၁၁၂ ဦးရှိခဲ့ပြီး ရောဂါပိုး ကူးစက်ခြင်းခံခဲ့ရသူ တစ်နေ့တွင် ၄၀၀၀ ကျော်အထိ ရှိကြောင်း ဘင်္ဂလာဒေ့ရှ် သတင်းများတွင် ဖော်ပြသည်။
ထိုသို့ ရောဂါပိုးကူးစက်ပျံ့နှံ့လာမှုအပေါ် မူတည်ပြီး တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် မောင်တောနယ်စပ် ကညင်ချောင်း စီးပွားရေးဇုန်အခြေနေကို ပိတ်သင့်/မသင့်ကို နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူများအနေဖြင့် ထည့်သွင်းစဉ်းစားသွားမည်ဖြစ်ကြောင်း ဦးအောင်မြင့်သိန်းက ပြောသည်။
“ဒီက စက်လှေသမားတွေကို ဘင်္ဂလားဒေ့ရှ်ဘက်မှာ အပေါ်ကို တက်ခွင့်တော့ မပေးဘူး။ ကုန်ပစ္စည်းတွေကိုပဲ ချပို့ လုပ်တာ။ တစ်ခါ စက်လှေသမားတွေကို ကညင်ချောင်းဇုန်မှာရှိတဲ့ အဆောက်အအုံထဲမှာ ကော်ရန်တင်းထားတယ်။ မီးသတ်က ဆေးဖြန်းတာတွေ လုပ်တယ်။ ကျန်းမာရေးဌာနက လိုအပ်တာတွေကို လာလုပ်ပေးတယ်” ဟု သူက ဆက်ပြောသည်။
ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်ကုန်သွယ်ရေးလုပ်စဉ် လှေပေါ်လိုက်မည့် အလုပ်သမားများအား ယခုရက်ပိုင်းအတွင်း ကျန်းမာရေးဌာနမှ ကိုဗစ်ကာကွယ်ဆေး ထိုးပေးရန် စီစဉ်လျှက်ရှိကြောင်း မောင်တောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးအောင်က ပြောသည်။
“ကုန်တင်ကုန်ချပဲလုပ်တာဆိုတော့ ဟိုဘက်က လူတွေနဲ့ ထိတွေ့မှုတော့ နည်းပါတယ်။ လှေလိုက်မယ့်သူတွေကို ကျွန်တော်တို့ အကုန်လုံး ပညာပေးဟောပြောမှုတွေ လုပ်ပြီးသား။ ဝတ်စုံတွေဝတ်ပြီး အသေချာလုပ်တာပါ။ နောက်တစ်ရက်နှစ်ရက်နေရင် ကုန်တင်ကုန်ချ လှေလိုက်မယ့်သူတွေကို ကျန်းမာရေးဌာနက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးဖို့လည်း အစီစဉ်တွေ လုပ်ပြီးသားပါ” ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇူလိုင်လအတွင်းက ဘင်္ဂလားဒေ့ရှ်နှင့် မောင်တောနယ်စပ်ကုန်သွယ်ရေး လုပ်ငန်းများဆောင်ရွက်စဉ် အလုပ်သမားအချို့ ကိုဗစ်-၁၉ ကူးစက်ခဲ့မှုများ ရှိခဲ့ကြောင်း သူက ဆက်ပြောသည်။
ရခိုင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ (ပစက)မှ သတင်းထုတ်ပြန်ရေး တာဝန်ခံ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက “အစိုးရအနေနဲ့ ဖြစ်နေတယ်လို့ သိရတယ်ဆိုလို့ရှိရင် ခရိုင်မှာဆို ခရိုင်အုပ်ချုပ်ရေး ရှိမယ်လေ။ ဆိုတော့ အဲဒီခရိုင်အုပ်ချုပ်ရေးကို နယ်စပ်မှာက ဘယ်လိုအခြေနေရှိသလဲ၊ အဲဒီဘက်က ဝင်လာတဲ့လူတွေကိုရော ကျန်းမာရေးစစ်ဆေးချက် ဘယ်လိုရှိသလဲ ဆိုတာတွေကို သူတို့ကို မေးရဦးမယ်ပေါ့။ သူတို့က ဘာလုပ်ထားပါတယ်၊ ဒါကို အတည်ပြုပါတယ်။ အဲလိုမျိုး အခြေနေပေါ် မူတည်ပြီးတော့မှ အစိုးရဆိုတာ မူဝါဒ ချရတာဖြစ်ပါတယ်” ဟု ပြောသည်။
အဆိုပါ ကညင်ချောင်းစီးပွားရေးဇုန်ကို ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဇွန်လမှစတင်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့် ဖြတ်သန်းကူးသန်းခွင့်ကို ပိတ်ထားခဲ့ခြင်းဖြစ်ပြီး ယခုလ ဧပြီ ၁၃ ရက်နေ့က နှစ်နိုင်ငံ ပြန်လည်ကူးသန်း ခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ