Preview

အကယ်ဒမီ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၈ သိန်းကျော်အထိ စံချိန်တင်မြင့်တက်

စက်တင်ဘာ ၀၈/ ၂၀၂၁ | ကြည့်ရှုသူ :6157
စီးပွားရေး သတင်း

နှင်းနွယ်နီ
နိရဥ္စရာ၊ စက်တင်ဘာ ၇ / ၂၀၂၁
ရွှေဈေးကွက်တည်ငြိမ်မှုမရှိဖြစ်နေသည့် မြန်မာနိုင်ငံတွင် ယနေ့ စက်တင်ဘာလ ရ ရက်၌ အကယ်ဒမီ အခေါက်ရွှေတစ်ကျပ်သားကို ငွေကျပ် ၁၈ သိန်းကျော်အထိ စံချိန်တင်မြင့်တက်လာခဲ့သည်။
ယခုကဲ့သို့ ရွှေဈေးမြင့်တက်လာသည့်အတွက် ရခိုင်ပြည်နယ်ရှိ ရွှေဆိုင်များတွင်လည်း အရောင်းအဝယ်များရပ်နားနေကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှ သိ၇သည်။
စစ်တွေမြို့မှ မြင့်မိုရ်ရိပ်ရွှေဆိုင်ပိုင်ရှင် ကိုစိုးသန့်အောင်က “ရွှေဈေးတက်တော့ လာဝယ်မဲ့သူတွေကလည်း နည်းနည်းစဉ်းစားနေကြတယ်ထင်ပါတယ်။ ရွှေဈေးကလည်း တက်လိုက်ကျလိုက်ဖြစ်နေတော့ ဝယ်ဖို့မဝယ်ဖို့စဉ်းစားနေကြမယ်ထင်တယ်။ အရောင်းအဝယ်ကတော့ အရင်ကထက်စာရင် နည်းတာပေါ့။” ဟုပြောသည်။
၁၆ ပဲရည် ရွှေတစ်ကျပ်ကို သြဂုတ်လ ၁၇ ရက်က ၁,၇၀၀,၀၀၀ ဝန်းကျင်အထိ ဈေးမြင့်တက်ခဲ့ရာမှ ၁,၆၅၀,၀၀၀ ဝန်းကျင်အထိ ပြန်ကျသွားခဲ့ပြီး ယနေ့တွင် ပြန်လည်ကာ ၁၆ ပဲရည်ရွှေတစ်ကျပ်ကို ငွေကျပ် ၁၈ သိန်းကျော်အထိ ရွှေဈေးမြင့်တက်လာခြင်းဖြစ်သည်။
ကျောက်တော်မြို့မှ ကောင်းရတနာရွှေဆိုင်ပိုင်ရှင် ဦးညွန့်မောင်ကလည်း “ရွှေဈေးတက်တော့ အရောင်းအဝယ်ကတော့ မဖြစ်ပါ။ ရောင်းသူ၊ ဝယ်သူလည်း မရှိဘူး။ ပေါင်မဲ့သူလည်း နည်းသွားတယ်။ ရွှေဈေးတက်တော့ ရောင်းမဲ့သူလည်း မရောင်းဝံ့။ ဝယ်မဲ့သူလည်း မဝယ်ဝံ့ဘူးလို့ ထင်ပါတယ်” ဟု ပြောသည်။
လက်ရှိတွင် ရွှေဈေးများမြင့်တက်နေ၍ ပိတ်သည့်ရွှေဆိုင်များပိတ်ထားပြီး အချို့ဆိုင်များမှာ ဖွင့်ရုံမျှသာဖွင့်ထားကြောင်း သိ၇သည်။
ယနေ့တွင် ၁၆ ပဲရည် ရွှေအဖွင့်ဈေးကို ၁,၇၄၅,၀၀၀ နှင့်ဖွင့်ခဲ့ရာမှ ညနေပိုင်း အပိတ်ဈေးမှာ ၁,၈၁၅,၀၀၀ နှင့် ပိတ်သွားကြောင်း သိ၇သည်။

#စီးပွားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.