ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ဝန်ထမ်းပေါင်း ၁ဝဝ ကျော်ဖြင့်လည်ပတ်နေသော စစ်တွေရှိ Smart အထည်ချုပ်စက်ရုံ အစိုးရထံမှ အော်ဒါအပ်ထည်မရ၍ ပိတ်ထားရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ စက်တင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1.4k

နှင်းနွယ်နီ
နိရဥ္စရာ၊ စက်တင်ဘာ ၈/ ၂၀၂၁
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဝန်ထမ်းပေါင်း ၁ဝဝ ကျော်ဖြင့်လည်ပတ်နေသည့် Smart အထည်ချုပ်စက်ရုံသည် အစိုးထံမှ အော်ဒါအပ်ထည်မရ၍ ပိတ်ထားရသည်မှာ ၁ နှစ်နီးပါးခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
အဆိုပါစက်ရုံသည် ယခင် NLD အစိုးရလက်ထက် ပြည်ထောင်စုအဆင့်၊ လူကယ်ပြန်ဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ကျောင်းစိမ်းဝတ်စုံ အထည်အော်ဒါများကို အစိုးရထံမှလက်ခံကာ အလုပ်သမား ၁၀၀ ကျော်ကို လစာပေး၍ လည်ပတ်ခဲ့သော်လည်း နောက်ပိုင်းတွင် အစိုးရထံမှ အပ်ထည်မရ၍ ယခုကဲ့သို့ ပိတ်ထားရခြင်းဖြစ်သည်ဟု စက်ရုံပိုင်ရှင် ဦးမင်းဇော်က ပြောသည်။
“ကျနော်တို့ အစိုးရဆီက ကျောင်းစိမ်းဝတ်စုံ အထည်အော်ဒါတွေကို လက်ခံပြီးတော့ စက်ရုံလည်ပတ်တာ။ ဒီစက်ရုံ တစ်နှစ်လုံးလည်ပတ်မှ အလုပ်သမားတွေကို လစာပေးနိုင်မှာလေ။ ဒီအော်ဒါထည်တွေအပ်ပြီးရင်တော့ တခြား စပန့်ထည်တို့၊ အော်တာရှပ်တို့ လာအပ်တာကို လက်ခံပြီးတော့ ချုပ်ပေးတယ်။”ဟု ပြောသည်။
အဆိုပါစက်ရုံကို ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်တွင် စစ်တွေမြို့ ဆတ်ရိုးကျရပ်ကွက်၌ စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရခိုင်တွင် အလုပ်လက်မဲ့များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်ချက်ဖြင့် ယခင် NLD အစိုးရနှင့် ပူးပေါင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် အဆိုပါစက်ရုံ၌ ယခင်အစိုးရက ၂ဝ၁၉ ခုနှစ်အတွက် အော်ဒါပေးထားပြီးမှ မယူခဲ့သည့် ကျောင်းစိမ်းဝတ်စုံအထည် ၃ သိန်းနီးပါးခန့် ကျန်ရှိနေသေးကြောင်း ဦးမင်းဇော်က ပြောသည်။
လက်ကျန်ကျောင်းစိမ်းအထည်များမှာ အသက် ၅ နှစ်မှ ၁၁ နှစ်အထိ ဝတ်နိုင်သည့် ကျောင်းစိမ်းဝတ်စုံများဖြစ်သည်ဟု သိရသည်။
အဆိုပါစက်ရုံပိတ်ထားရသည့်ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က တစ်စုံတစ်ရာ စီစဉ်ဆောင်ရွက်ပေးရန်ရှိ/မရှိကို ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်အား ဆက်သွယ်ရာ သူက “အဲဒီစက်ရုံက သူ့စက်ရုံဖြစ်တဲ့အတွက် အော်ဒါရဖို့အတွက် သူဘာသူ အော်ဒါရမဲ့သူကိုရှာရမယ်လေ။ သူ့ဘာသူပဲ ကြိုးပမ်းရမဲ့သဘောရှိတယ်။ အရင်ကတော့ လူကယ်ပြန်ဆိုလည်း လူကယ်ပြန်၊ သူတို့ဘာသာသူတို့ ညှိပီးတော့လုပ်ကြတယ်ပေါ့။ ဆိုတော့ လာတင်ပြတယ်ဆိုလို့ရှိရင် ပြည်နယ်အစိုးရအဖွဲ့ကလည်း ကူညီပေးနိုင်တာကို ကူညီပေးမှာပေါ့။ သူတင်ပြမှ ငါတို့သိမှာပေါ့။”ဟု ပြောသည်။
အစိုးရထံမှ အော်ဒါမရဘဲ ပြင်ပအပ်ထည်များကို ချုပ်မည်ဆိုလျှင် အထည် ၁,၀၀၀ ကို အလုပ်သမား ၁၀၀ နှင့် ၂ ရက်ခန့်သာချုပ်ရပြီး ကျန် ၂၈ ရက်တွင် အပ်ထည်မရှိ၍ ဝန်ထမ်းများကို တစ်လလုံးလစာပေးရန် အခက်အခဲရှိနေကြောင်း စက်ရုံပိုင်ရှင် ဦးမင်းဇော်က ပြောသည်။
အဆိုပါစက်ရုံရှိ ဝန်ထမ်းများမှာ ရခိုင်ပြည်နယ်တစ်ဝန်းမှပါဝင်သလို ရန်ကုန်တွင်အလုပ်လုပ်ပြီးမှ ယခုစက်ရုံသို့ လာရောက်အလုပ်လုပ်ကြသူများဖြစ်သည်ဟု သိရသည်။
စက်ရုံလည်ပတ်ခဲ့စဉ်က ဝန်ထမ်းများကို စက်ရုံဝင်းအတွင်း အဆောင်များဖြင့် ထားရှိခဲ့သော်လည်း ယခုအခါ စက်ရုံပိတ်ထားရသည့်အတွက် ဝန်ထမ်းများမှာ နေရပ်အသီးသီးသို့ ပြန်သွားပြီး အလုပ်လက်မဲ့ဖြစ်နေကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ