Preview

၁၆ ပဲရည် ရွှေ ၁ ကျပ်သားကို ကျပ် ၁၈ သိန်းခွဲအထိ စံချိန်တင်ထိုးတက်

စက်တင်ဘာ ၁၀/ ၂၀၂၁ | ကြည့်ရှုသူ :1584
စီးပွားရေး သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၀/ ၂၀၂၁
ယနေ့တွင် ၁၆ ပဲရည် ရွှေ ၁ ကျပ်သားကို ကျပ် ၁၈ သိန်းခွဲအထိ စံချိန်တင်ထိုးတက်သွားကြောင်း သတင်းရရှိသည်။
၁၆ ပဲရည် ရွှေ တစ်ကျပ်သားကို ယမန်နေ့က ၁,၈၀၂,၀၀၀ ကျပ်ခန့်ရှိခဲ့ရာမှ ယနေ့ စက်တင်ဘာလ ၁၀ ရက် နေ့လယ် ၁၂ နာရီခန့်တွင် ကျပ် ၁၈ သိန်းခွဲအထိ ထိုးတက်သွားခဲ့ကြောင်း စစ်တွေရှိ ရွှေအရောင်းဆိုင်များမှ သိ၇သည်။
ယင်းသို့ရွှေဈေး အဆမတန်ထိုးတက်သွားခဲ့သည့်အတွက် ရွှေအရောင်းအဝယ်လည်း ကျဆင်းသွားကြောင်း စစ်တွေမြို့မဈေးကြီးရှေ့မှ မြင့်မိုရ်ရိပ် ရတနာရွှေဆိုင်ပိုင်ရှင် ဒေါ်ခင်မေကျော်က နိရဥ္စရာအားပြောသည်။
“ဆိုင်ကြီးတွေမှာက သူ့ဖောက်သည်နဲ့သူ နည်းနည်းရောင်းရပေမဲ့ ဆိုင်ငယ်တွေက အရောင်းနည်းသွားတာပေါ့။ ဈေးကလည်း ပုံမှန်မဟုတ်တဲ့အတွက်ရောင်းမဲ့လူကလည်း ဒီထက်ပိုတက်လာမလား၊ ဝယ်တဲ့လူကလည်း ဈေးကျလာမလား ချိန်ဆနေလို့ အရောင်းအဝယ်မဖြစ်တော့တာပါ။ လုံး၀ကြီးမရောင်းရတာမဟုတ်ပေမဲ့ အရောင်းနည်းသွားတာပေါ့” ဟုပြောသည်။
စစ်တွေတွင် ယနေ့ နံနက်ပိုင်းက ၁၆ ပဲရည် ၁ ကျပ်လျှင် ကျပ် ၁,၈၂၀,၀၀၀ ခန့်ဖြင့်ရောင်းချခဲ့သော်လည်း နေ့လယ် ၁၂ နာရီခန့်တွင် နောက်ထပ် ၃ သောင်းဝန်းကျင်ထိုးတက်သွားခဲ့ခြင်းဖြစ်ကြောင်း ရွှေဆိုင်ပိုင်ရှင်များက ပြောသည်။
စစ်တွေမြို့မဈေးကြီးရှေ့ ရွှေပန်းထိမ်ဆိုင်တန်းမှ လှိုင်ရတနာရွှေဆိုင်ပိုင်ရှင် ဦးမောင်လှတင်က “ဦးလေးတို့အထင် ၁၆ သိန်းလောက်တုန်းက ဒီထက်တက်ပါ့မလားလို့ထင်ခဲ့တယ်။ အခုလည်း ဒီထက်တော့ သိပ်တက်ပါ့မလားလို့တော့ မှန်းတယ်။ ဒါပေမဲ့ ဝယ်လိုအားနဲ့ရောင်းလိုအားအပေါ်မူတည်ပြီးဈေးကတော့ တက်လာတာမြင်တယ်။” ဟုပြောသည်။
စစ်တွေမြို့မဈေးကြီးကို ကိုဗစ်ကြောင့် နေ့လယ် ၂ နာရီခန့်အထိသာရောင်းချခွင့်ပြုထားသဖြင့် နယ်မှလာသည့် ဈေးဝယ်သူများမှာ ဈေးပိတ်သည့်အချိန်ပြန်သွားကြသဖြင့် ရွှေနှင့် အခြားကုန်စည်များ ဝယ်လိုအား၊ ရောင်းလိုအား ပို၍ ကျဆင်းလာနေကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိ၇သည်။

#စီးပွားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.