Preview

စက်သုံးဆီဈေးနှုန်းများ စံချိန်တင်မြင့်တက်နေ၍ လက်လုပ်လက်စားများ အခက်တွေ့

စက်တင်ဘာ ၃၀/ ၂၀၂၁ | ကြည့်ရှုသူ :3392
စီးပွားရေး သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၂၇/၂၀၂၁
စက်သုံးဆီဈေးနှုန်းများ စံချိန်တင်မြင့်တက်နေ၍ အခြေခံလက်လုပ်လက်စားများ အခက်တွေ့နေရကြောင်း သတင်းရရှိသည်။
ယနေ့ စက်တင်ဘာလ ၂၇ ရက်တွင် စစ်တွေမြို့၊ အဝေးပြေးကားဂိတ်အနီး ရွှေရိုးမဆီဆိုင်ကြီး၌ အောက်တိန်း(95) တစ်လီတာကို ၁၅၅၀ ကျပ်၊ အောက်တိန်း(92)တစ်လီတာကို ၁၅၀၀ ကျပ်၊ ပရီမီယာတစ်လီတာကို ၁၅၀၀ ကျပ်နှင့် ဒီဇယ်တစ်လီတာကို ၁၄၉၀ ကျပ်အထိ စံချိန်တင်မြင့်တက်နေကြောင်း ၄င်းစက်သုံးဆီအရောင်းဆိုင်မှ သိ၇သည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလမတိုင်မီက စက်သုံးဆီ တစ်လီတာလျှင် ကျပ် ၁ ထောင်ဝန်းကျင်ခန့်သာရှိခဲ့သော်လည်း ယခုအခါ ဒေါ်လာဈေးများမြင့်တက်လာမှုနှင့်အတူ ဆီဈေးနှုန်းများလည်း အဆမတန်မြင့်တက်လာနေခြင်းဖြစ်သည်။
စစ်တွေမြို့နယ် တောကန်ကျေးရွာမှ သုံးဘီဆိုင်ကယ်မောင်းသူ ကိုနေလင်းထွန်းက “ဒီထက်သာ ဆီဈေးတက်လာရင် ကျွန်တော်ယာဉ်မောင်းတာကို ရပ်လိုက်ဖို့စဉ်းစားထားပါတယ်။ ကုန်ဈေးနှုန်းတွေကတက်ရတဲ့အထဲ အလုပ်အကိုင်ကလည်းရှားသွားပြီ။ ဘယ်လိုလုပ်၇မလဲမသိတော့ဘူး” ဟုပြောသည်။
အလားတူ ပြင်ပရှိ စက်သုံးဆီအရောင်းဆိုင်ငယ်များတွင် ပြင်ပပေါက်ဈေး အောက်တိန်း(92)တစ်လီတာကို ၁၈၀၀ ကျပ်အထိ ဈေးရှိနေကြောင်း စက်သုံးဆီ သုံးစွဲသူများက ပြောသည်။
စစ်တွေမြို့ခံ မရွှေအိမ်မှူးက “ညီမမနက်က ဆိုင်ကယ်ဆီပြတ်လို့ လမ်းမပေါ်ကဆီဆိုင်တစ်ဆိုင်မှာ ဆီဝင်ဖြည့်တာ ထောင့်ရှစ်ရာဆိုလို့ တစ်လီတာအပြည့်မထည့်နိုင်ဘဲ တစ်ပိုင်းပဲထည့်ခဲ့၇တယ်” ဟုပြောသည်။
ရခိုင်ပြည်နယ်ဆီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးသန်းရွှေက ဆီဈေးနှုန်းများမှာ တစ်ဆိုင်နှင့်တစ်ဆိုင် ဈေးနှုန်းတူညီမည်မဟုတ်ဘဲ နိုင်ငံခြားမှတိုက်ရိုက်တင်သွင်းသည့်ကုမ္ပဏီများမှအပ ကျန်သည့် စက်သုံးဆီဆိုင်များတွင် ဈေးနှုန်းနောက်ထပ်တစ်ခုဖြစ်နေမည်ဟု ပြောသည်။
“နိုင်ငံခြားက ကိုယ်တိုင်တင်သွင်းတဲ့လူတွေမှာ ကိုယ်ပိုင်ဆိုင်လည်းရှိမယ်ဆိုရင် အဲလိုအထူးအခွင့်အရေးရမှာပေါ့။ နိုင်ငံတော်က ဒေါ်လာကို သတ်မှတ်တဲ့ဈေးနှုန်းနဲ့ ရောင်းပေးတယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့လိုသလိုမျိုးတော့ မရောင်းပေးဘူးပေါ့ အဲဒီဆိုင်တွေကလေ။” ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် စက်သုံးဆီတင်သွင်း၊ ရောင်းချခွင့်ကို အထူးဈေးနှုန်းဖြင့်ရရှိထားသည့်ဆိုင်မှာ ကျော်ဇံ စက်သုံးဆီဆိုင်တစ်ခုတည်းသာရှိကြောင်း သူက ဆက်ပြောသည်။
စစ်တွေမြို့မှ ကျော်ဇံစက်သုံးဆီဆိုင်ကြီးတွင် ပရီမီယာတစ်လီတာကို ၁၂၉၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၁၂၀၂ ကျပ်၊ အောက်တိန်း(92)တစ်လီတာကို ၁၂၁၂ ကျပ်တို့ဖြင့် ရောင်းချလျက်ရှိနေကြောင်း ယနေ့ထုတ် နိုင်ငံပိုင်မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

#စီးပွားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.