စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်သို့နယ်စပ်ကုန်သွယ်ရာတွင် သတ်မှတ်စည်းကမ်းများကို လိုက်နာမှုမရှိပါက ကုန်သွယ်ခွင့်ကိုရုပ်သိမ်းအရေးယူမည်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ အောက်တိုဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 6.2k

မင်းအဂ္ဂ၊ သ ဉ္ဇာနွယ်
စစ်တွေ၊ အောက်တိုဘာ ၁၄ / ၂ဝ၂၁
ရခိုင်မှတဆင့် ဘင်္ဂလားဒေ့ရှ်သို့နယ်စပ်ကုန်သွယ်ရေးဆောင်ရွက်ရာတွင် ကုန်သွယ်သူများအနေဖြင့် သတ်မှတ်ထားသည့်စည်းကမ်းချက်များကို လိုက်နာမှုမရှိပါက ကုန်သွယ်ခွင့်ကိုရုပ်သိမ်းအရေးယူသွားမည်ဟု ရခိုင်ပြည်နယ်ကောင်စီက ယနေ့ ထုတ်ပြန်လိုက်သည်။
ထိုအချက်များမှာ ကာကွယ်ဆေး၂ ကြိမ်ထိုးနှံပြီးသူများသာ ကုန်သွယ်မှုဆိပ်ကမ်းထဲသို့ဝင်ရောက်ခွင့်ပြုမည်၊ ဘင်္ဂလားဒေ့ရှ်မှ ကုန်ချပြီး ပြန်လည်ရောက်ရှိလာသော ရေယာဉ်များသည် ရွှေမင်းဂံဆိပ်ကမ်း ချောင်းရှိ သတ်မှတ်ထားသောနေရာ (ရေလယ်)တွင်ကျောက်ချရပ် နားပြီး Quarantine ၁၀ ရက်ခံယူရမည်၊ ရေယာဉ်မထွက်ခွာမီနှင့် ရေယာဉ်ရောက်ရှိချိန်တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့၏ သတ်မှတ်စည်းကမ်းနှင့် ညွှန်ကြားချက်များကိုလိုက်နာရန်လိုအပ်ပြီး ရေယာဉ် ဝင် /ထွက်မှုအတွက် ခွင့်ပြုချက်ရယူရမည်၊ သတ်မှတ်နေရာတွင် ကုန်တင်ချ မှုမပြုလုပ်ခြင်းနှင့် စည်းကမ်းချက် များကို ဖောက်ဖျက်ကျုးလွန်ခြင်းအတွက် ရေယာဉ်ပြေးဆွဲခွင့်နှင့် ကုမ္ပဏီ၏ကုန်သွယ်မှုဆောင်ရွက်ခွင့်များကို ရုပ်သိမ်းအရေးယူခြင်းခံရမည်ဟု ပြည်နယ်ကောင်စီက ယနေ့ အောက်တိုဘာ ၁၄ ရက်တွင် ထုတ်ပြန်ထားခြင်းဖြစ်သည်။
ယင်းထုတ်ပြန်ချက်ကို ရခိုင်ပြည်နယ်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (RSCCI)ကလည်း ယနေ့ နေ့လယ်ပိုင်းတွင် ထပ်ဆင့်ထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
RSCCI အထွေထွေအတွင်းရေးမှူး ဦးအောင်အောင်က “စည်းမျဉ်းစည်းကမ်းလိုက်နာမှ ကိုဗစ်ကိုလည်း ထိန်းချုပ်ရာရောက်မယ်။ ကုန်စည်စီးဆင်းမှုလည်း မနားတမ်းလုပ်နိုင်မယ်”ဟုပြောသည်။
အခြားပြည်နယ်တိုင်းဒေသကြီး သို့မဟုတ် တောင်ကုတ်၊ ကျောက်ဖြူစသော ရခိုင်ပြည်တွင်းရှိ သတ်မှတ်ဆိပ်ကမ်းမှ ကုန်တင်ဆောင်လာသော ရေယာဉ်များသည် စစ်တွေရွှေမင်းဂံဆိပ်ကမ်း၌ OSS ကုန်ပစ္စည်းစစ်ဆေးရေးအဖွဲ့၏စစ်ဆေးမှု ခံယူရမည်ဟုလည်း RSCCI က ဆိုထားသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးကိုဆောင်ရွက်နေသည့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း၊ ကညင်ချောင်းစီးပွားရေးဇုန်နှင့် စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတို့ကို ကိုဗစ်ကပ်ရောဂါကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၁၅ ရက်မှစတင်ပိတ်ထားခဲ့ရသည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှု ၅ ရာခိုင်နှုန်းအောက်လျော့နည်းလာပြီဟုဆိုကာ နစကကောင်စီက ယမန်နေ့ အောက်တိုဘာလ ၁၃ ရက်မှစတင်ကာ ပြန်လည်ဖွင့်လှစ်ခွင့်ပြုထားခြင်းဖြစ်သည်။
ဓာတ်ပုံ - RSCCI

ဆက်စပ် သတင်းများ