Preview

နယ်စပ်ကုန်သွယ်ရေးပြန်ဖွင့်ပြီးနောက် ရက်ပေါင်း ၄၀ ကျော်အတွင်း ၇ခိုင်က ဒေါ်လာ ၅ သန်းကျော်ဖိုးတင်ပို့နိုင်ခဲ့

နိုဝင်ဘာ ၂၉/ ၂၀၂၁ | ကြည့်ရှုသူ :7696
စီးပွားရေး သတင်း

ချစ်အိလှိုင်
နိရဥ္စရာ၊ နိုဝင်ဘာ ၂၉/ ၂၀၂၁
ဘင်္ဂလားဒေရှ့်နှင့်
မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်းများပြန်ဖွင့်ပြီး ရက်ပေါင်း ၄၀
ကျော်အတွင်း ဒေါ်လာ ၅ သန်းကျော်ဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိ၇သည်။
စစ်တွေနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခု ကုန်သွယ်မှုပြန်လည်စတင်ခဲ့သည့် အောက်တိုဘာ ၁၆ ရက်မှ ယမန်နေ့ နိုဝင်ဘာ ၂၇ ရက်အထိ ဘင်္ဂလားဒေရှ့်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးနည်းလမ်းဖြင့် အမေရိကန်ဒေါ်လာ ၅,၂၃၁,၁၃၉ ဒသမ ၁၈ ဒေါ်လာဖိုး တင်ပို့နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးဦးအောင်အောင်က နိရဥ္စရာကို ပြောသည်။
“တိုးတက်မှုရှိတယ်လို့ပြောလို့၇ပါတယ်။ တစ်ခြားနယ်စပ်နဲ့တော့ မတူဘူးပေါ့။
တစ်ခြားနယ်စပ်တွေမှာ ဒီငါးသန်းဖိုးဆိုတာ တစ်လစာတောင်မရှိဘူးလေ။ ဒါပေမယ့် ကျွန်တော်တို့ရခိုင်ဘက်မှာကျတော့ ကုန်သွယ်မှုက နည်းနည်းလေးရယ်။ အရင်ကုန်သွယ်နေကျက တစ်လမှာ အမေရိကန်ဒေါ်လာ ၂ သန်းကျော်ပဲရှိခဲ့တာဆိုတော့ အခုပြန်ဖွင့်ပြီးနောက်ပိုင်းမှာ ပိုပြီးကုန်သွယ်နိုင်ခဲ့တယ်လို့ပြော၇မယ်”ဟုပြောသည်။
နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုအနက် စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၃ သန်းကျော်နှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ၂ သန်းခန့်ကုန်သွယ်နိုင်ခဲ့ကြောင်း သိ၇သည်။
သွင်းကုန်တန်ဖိုးအနေဖြင့် အမေရိကန်ဒေါ်လာ ၂၆,၆၂၈.၂၉ ဒေါ်လာခန့်ဖိုး မြန်မာဘက်သို့ တင်သွင်းခဲ့ကြောင်း ဦးအောင်အောင်က ဆက်ပြောသည်။
ဘင်္ဂလားဒေရှ့်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အဓိကပို့ကုန်များမှာ ရေချိုငါး၊ ငါးခြောက်၊ ကြက်သွန်နီ၊ ဂျင်း၊ ဇီးယိုမျိုးစုံ၊ မကျည်းသီးနှင့် မကျည်းစေ့တို့ ဖြစ်ကြသည်။
ရေထွက်ပစ္စည်းများထဲမှ ရေချိုငါးအများဆုံးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ သန်းခန့်ဖိုး တင်ပို့နိုင်ခဲ့သည်ဟုဆိုသည်။
လက်ရှိတွင် မြန်မာ- ဘင်္ဂလားဒေရှ့်နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခုရှိပြီး ယင်းတို့မှာ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း၊ မောင်တောကညင်ချောင်းစီးပွားရေးဇုံ၊ စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် လွန်ခဲ့သည့် နိုဝင်ဘာ ၂၅ ရက်ခန့် စတင်ကုန်သွယ်သည့် တောင်ကုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့ဖြစ်သည်။
သို့ရာတွင် မောင်တောမြို့မှ ကညင်ချောင်းစီးပွားရေးဇုံမှာ လမ်းခရီးအခက်အခဲကြောင့် ပြန်ဖွင့်နိုင်ခြင်းမရှိသေးကြောင်း သိ၇သည်။

#နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.