သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ရခိုင်နယ်စပ်ကုန်သွယ်ရေးမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂ လအတွင်း ကန်ဒေါ်လာ ၈ ဒသမ ၄၇၈ သန်းဖိုး တင်ပို့နိုင်ခဲ့


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဒီဇင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 8.8k

မြထွီးသျှင်
နိရဥ္စရာ၊ ဒီဇင်ဘာ ၂၁/ ၂၀၂၁
ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးစခန်းများပြန်ဖွင့်ပြီးနောက် ၂ လအတွင်း စစ်တွေနှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကန်ဒေါ်လာ ၈.၄၇၈ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုတွင် ကုန်သွယ်မှုပြန်လည်စတင်ခဲ့သည့် အောက်တိုဘာ ၁၆ ရက်မှ ဒီဇင်ဘာလ ၁၇ ရက်အထိ တင်ပို့နိုင်ခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်ကုန်သည်နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးအောင်အောင်က နိရဥ္စရာကို ပြောသည်။
“ကိုဗစ် ၁၉ စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ရတဲ့အခါမှာတော့ နှောင့်နှေးမှု၊ ကြန့်ကြာမှုတွေတော့ ရှိတာပေါ့။ ထောက်ခံချက်တွေ ယူရ၊ ပြန်ဝင်လာရင် ကွာရန်တင်း ၁၀ ရက်ဝင်ရတာဆိုတော့ ဘုတ်တွေက တစ်လမှာမှ တစ်ခေါက်လောက်ပဲ၊ နှစ်ခေါက်လောက်တောင် မရောက်ချင်ဘူး” ဟုပြောသည်။
နယ်စပ်ကုန်သွယ်ရေးစခန်းနှစ်ခုအနက် စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ ၅.၃၃၂ သန်းကျော်နှင့် မောင်တောနယ်စပ်ကုန်သွယ်ရေးမှ ၃.၁၈၅ သန်းခန့်ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။
စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းတွင်မူ သွင်းကုန်အဖြစ် ဖြတ်ပြီးသား တီရှပ်အပိုင်းအစများကိုသာ ၀.၀၃၈ သန်းဖိုး တင်သွင်းနိုင်ခဲ့ပြီး မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းသို့ သွင်းကုန်မရှိခဲ့ကြောင်း သိရသည်။
မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့ အဓိကတင်ပို့ကုန်များမှာ ရေချိုငါး၊ ငါးခြောက်၊ ငါးနီတူခြောက်၊ ငါးနှပ်ခြောက်၊ ငါးစုံကလေးခြောက် ကြက်သွန်နီ၊ ဂျင်း၊ ကွမ်းသီး၊ ဇီးသီးခြောက်၊ ဆနွင်းတက်၊ မကျည်းသီးနှင့် မကျည်းစေ့တို့အပြင် အသေးစားစက်မှုထုတ်ကုန်တစ်မျိုးဖြစ်သော ဇီးယိုထုတ် တန် ၂၀၀ ခန့်အား တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ရေထွက်ပစ္စည်းများထဲမှ ရေချိုငါးအများဆုံးတင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၅.၀၀၁ သန်းခန့်ဖိုး တင်ပို့နိုင်ခဲ့သည်ဟု ဆိုသည်။
အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်းများကို ကိုဗစ်တတိယလှိုင်းဖြစ်ပွားခဲ့မှုကြောင့် ပြီးခဲ့သည့် ဇူလိုင် ၁၅ ရက်တွင် ယာယီပိတ်ထားခဲ့ရာမှ အောက်တိုဘာ ၁၆ ရက်တွင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် မြန်မာ- ဘင်္ဂလားဒေရှ့်နယ်စပ်ကုန်သွယ်ရေးစခန်း ၄ ခုရှိပြီး ယင်းတို့မှာ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်း၊ မောင်တောကညင်ချောင်းစီးပွားရေးဇုံ၊ စစ်တွေ ရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် လွန်ခဲ့သည့် နိုဝင်ဘာ ၂၅ ရက်ခန့် စတင်ကုန်သွယ်သည့် တောင်ကုတ်နယ်စပ်ကုန်သွယ်ရေးစခန်းတို့ဖြစ်သည်။

ဆက်စပ် သတင်းများ