Preview

ရခိုင်တွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးများ တဖြည်းဖြည်း မြင့်တက်လာနေ

ဇန်နဝါရီ ၂၇/ ၂၀၂၂ | ကြည့်ရှုသူ :9682
စီးပွားရေး သတင်း

နှင်းနွယ်နီ
နိရဥ္စရာ၊ ဇန်နဝါရီ ၂၄/၂၀၂၂
ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးများ တဖြည်းဖြည်းမြင့်တက်လာနေကြောင်း သိ၇သည်။
ယခုလ ဇန်နဝါရီ ၁၁ ရက်က အောက်တိန်း (92) တစ်လီတာကို ငွေကျပ် ၁,၅၀၀ ဝန်းကျင်ရှိခဲ့ရာမှ တဖြည်းဖြည်းနှင့် ဈေးများတက်လာခဲ့ရာ ယနေ့ ဇန်နဝါရီ ၂၄ တွင် အောက်တိန်း (92) တစ်လီတာကို ငွေကျပ် ၁,၇၀၀ ဝန်းကျင်အထိမြင့်တက်လာခဲ့သည်။
ယခုကဲ့သို့ ဆီဈေးများပြန်လည်မြင့်တက်လာသည့်အတွက် ဆိုင်ကယ်ကယ်ရီမောင်းနေသူများ၊ သုံးဘီး၊ အိန္ဒိယသုံးဘီး(တုတ်တုတ်)နှင့် ကားမောင်းနေသူများအပါအဝင် စက်သုံးဆီသုံးစွဲနေသူများတွင် အခက်အခဲဖြစ်နေကြကြောင်း သိ၇သည်။
စစ်တွေမြို့မှ အိန္ဒိယသုံးဘီး(တုတ်တုတ်) မောင်းနေသူ ဦးမောင်လှက “ဈေးတောင်းရတာက ပုံမှန်ဈေးပဲ။ ဆီဖိုးလည်း မရဘူး။ စားဝတ်နေရေးအတွက် တစ်ရက်ထက်တစ်ရက် ရုန်းကန်နေရတာပဲ။ တစ်ရက်စာကို တစ်ရက် ရှာလို့မရဘူး အခုအချိန်မှာ။ ခရီးသည်တွေကလည်း ပိုက်ဆံရှာမရသလို ကိုယ်တွေကလည်း တောင်းလို့မရဘူး။ တုတ်တုတ်မောင်းတဲ့သူတွေလည်း ပေါလာတော့၊ အားလုံးသူက ဒီဟာပဲ လုပ်စားနေကြတာကိုး၊ ကိုယ့်ပြည်မှာက။ တစ်မနက်မောင်းလို့ ငါးထောင်ရရင်၊ ဆီ ငါးထောင်ဖိုးထည့်လိုက်တာနဲ့ ကွက်တိပဲ” ဟုပြောသည်။
စစ်တွေမြို့မှ ရွှေရိုးမဆီဆိုင်ကြီးတွင် ယနေ့ ဇန်နဝါရီလ ၂၄ ရက်၌ ဒီဇယ်ဆီတစ်လီတာကို ၁,၇၁၀ ကျပ်၊ ပရီမီယာ တစ်လီတာကို ၁,၇၂၀ ကျပ်၊ အောက်တိန်း (92) တစ်လီတာကို ၁,၇၀၀ ကျပ်နှင့် အောက်တိန်း (95) တစ်လီတာကို ၁,ရ၇၀ ကျပ်တို့ အသီးသီးပေါက်ဈေးရှိနေသည်။
ပြင်ပစက်သုံးဆီအရောင်းဆိုင်များတွင် အောက်တိန်း (92) တစ်လီတာကို ၁,၉၀၀ ကျပ်ခန့်အထိ ရောင်းချနေကြသည်ဟု သိ၇သည်။
ရခိုင်ပြည်နယ်တွင် အစိုးရထံမှ ဆီတင်သွင်းရောင်းချခွင့် တိုက်ရိုက်ရရှိထားသည့် စစ်တွေမှ ကျော်ဇံဆီဆိုင်ကြီးတွင် ဒီဇယ်ဆီ တစ်လီတာကို ၁,၆၇၀ ကျပ်၊ ပရီမီယာ တစ်လီတာကို ၁,၆၉၀ ကျပ်၊ အောက်တိန်း(92) တစ်လီတာကို ၁,၆၅၀ ကျပ်နှင့် အောက်တိန်း(95) တစ်လီတာကို ၁,၇၄၀ ကျပ်ဖြင့် ရောင်းချနေသည်။
အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလကုန်ပိုင်းက ကမ္ဘာ့ရေနံစိမ်းလဲလှယ်နှုန်းများ မြင့်တက်သွားခဲ့သည့်အတွက် အောက်တိန်း (92) တစ်လီတာကို ၂,၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်ခဲ့သေးသည်။
#စီးပွားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.