သောကြာ၊ ဧပြီလ ၂၆ရက်၊ ၂၀၂၄

ရခိုင်တွင် ရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်း တရိပ်ရိပ်မြင့်တက်လာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ ဖေဖော်ဝါရီ ၂၀၂၂
  • | ကြည့်ရှုသူ: 5.9k

ထက်အောင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၆/ ၂၀၂၂
ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း စက်သုံးဆီဈေးနှုန်းများ တရိပ်ရိပ်မြင့်တက်လာနေကြောင်း သိရသည်။
ရခိုင်တွင် စက်သုံးဆီတစ်လီတာလျှင် ယခင်က ကျပ် ၁,၇ဝဝ ကျော်ရှိခဲ့ရာမှ ယခုရက်ပိုင်းအတွင်း ကျပ် ၂ ထောင်နီးပါးအထိ မြင့်တက်လာနေသည်ဟု စက်သုံးဆီဆိုင်အရောင်းဆိုင်များမှ သိရသည်။
ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်းများမြင့်တက်လာသည့်အတွက် ခရီးသွားလာရေးတွင် ကားခများ မြင့်တက်လာမှုနှင့် စက်ယန္တရားအသုံးပြုသည့် လယ်ယာလုပ်ငန်းလုပ်ကိုင်သူများအတွက် အခက်အခဲများဖြစ်လာနေကြောင်း ကျောက်တော်မြို့နယ်မှ လယ်ယာလုပ်ငန်းလုပ်ကိုင်သူ ဦးအောင်ကျော်သာက နိရဥ္စရာကိုပြောသည်။
“စက်သုံးဆီကိစ္စက လူတိုင်းလူတိုင်းနဲ့ ပတ်သက်ဆက်နွယ်နေပါတယ်။ ခရီးသွားလာတဲ့အခါမှာလည်း ကုန်းလမ်း၊ ရေလမ်းစသဖြင့် စက်သုံးဆီကို အသုံးပြုနေရတာပါ။ စက်သုံးဆီဈေးနှုန်းတွေ တက်လာတာက ကျနော်တို့ပြည်သူတွေအတွက် အခက်အခဲဖြစ်ပါတယ်” ဟု ပြောသည်။
လက်ရှိစစ်တွေမြို့ရှိ လမ်းဘေးဈေးဆိုင်များ၌ ချရောင်းကြသူများတွင် အောက်တိန်း 92 နှင့် ဓာတ်ဆီတို့ တစ်လီတာလျှင် ကျပ် ၂ ထောင်နှုန်းဖြင့်ရောင်းချနေကြပြီး ဆိုင်ကြီးများတွင် ကျပ် ၁,၉၀၀ ခန့် ပေါက်ဈေးရှိသည်ဟု သိရသည်။
ရခိုင်ပြည်နယ် စက်သုံးဆီလုပ်ငန်းရှင်များအသင်းကလည်း ယခုရက်ပိုင်း စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှုရှိနေပြီး ခန့်မှန်းရခက်နေကြောင်း ပြောဆိုသည်။
ရခိုင်ပြည်နယ် စက်သုံးဆီလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းရွှေက “ဈေးနှုန်းက မှန်းရခက်တယ်။ စက်သုံးဆီက နိုင်ငံခြားက ဝင်တဲ့ပစ္စည်းဖြစ်တဲ့အတွက်ကြောင့် နိုင်ငံခြားမှာတက်ရင် ဒီမှာလည်း တက်မှာပေါ့” ဟု ပြောသည်။
ယခုကဲ့သို့ စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ခရီးသွားလာရေး၊ ကုန်စည်ပို့ဆောင်ရေးနှင့် အခြားကဏ္ဍများတွင် အခက်အခဲဖြစ်လာနေပြီး ကုန်ဈေးနှုန်းများလည်း ယခုထက် ပို၍ မြင့်တက်လာမည်ကို စက်သုံးဆီသုံးစွဲသူများက စိုးရိမ်မှုများရှိနေကြသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၄ ရက်မှစတင်ကာ ဥရောပတိုက်တွင် ယူကရိန်းနှင့် ရုရှားတို့၏ စစ်ရေးတင်းမာမှုများကြောင့် ကမ္ဘာတွင် ဆော်ဒီအာရေဗျနိုင်ငံပြီးလျှင် ရေနံစိမ်းတင်ပို့မှု ဒုတိယအများဆုံးနိုင်ငံဖြစ်သည့် ရုရှားနိုင်ငံကို နိုင်ငံတကာက ဒဏ်ခတ်အရေးယူပိတ်ဆို့မှုများကြောင့် ရေနံဈေးများလည်း တရိပ်ရိပ်တက်လာနေသည်ဟုလည်း သိရသည်။

ဆက်စပ် သတင်းများ