ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ရခိုင်မှ စက်သုံးဆီဆိုင်တချို့တွင် ဆီပြတ်လပ်၊လမ်းဘေးဆီဆိုင်များတွင် အောက်တိန်း(92) တစ်လီတာကို ကျပ် ၂၈၀၀အထိမြင့်တက်နေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 3.2k

နိရဥ္စရာ၊ မေ ၂၁/၂၀၂၂
ရခိုင်ပြည်နယ်မှ စက်သုံးဆီဆိုင်ချို့တွင် ဆီပြတ်လပ်မှုများရှိနေ၍ လမ်းဘေး စျေးဆိုင်များမှ အောက်တိန်း(92) တစ်လီတာကို ကျပ် ၂၈၀၀ နှုန်းဖြင့် ဝယ်ထည့်နေရသည်ဟု ဆီဝယ်ယူသူများက ပြောသည်။
လက်ရှိစစ်တွေမြို့က ရွှေရိုးမအရောင်းဆီဆိုင်တွင် ဆီကုန်နေ၍ ကျော်ဇံဆီဆိုင်မှ ဆီသွားထည့်ရာ အချိန်ပြည့်သွားပြီဟုဆိုကာ ဆိုင်ပိတ်လိုက်သဖြင့် လမ်းဘေးမှ ဆီကို ၂၈၀၀ ဖြင့် ဝယ်ထည့်လိုက်ရကြောင်း စစ်တွေမြို့မှ တုတ်တုတ်(အိန္ဒိယ သုံးဘီး) မောင်းနေသူ ဦးမောင်လှက ပြောသည်။
"ဆီပြတ်နေတဲ့ဆိုင်တွေက များတယ်။ ကျော်ဇံဆီဆိုင်မှာ ဒီနေ့ နေ့လယ် ၁ နာရီ လောက်က သွားထည့်တာမရလိုက်ဘူး။ နေ့တိုင်းကတော့ ၄ နာရီမထိုးဘူး။ ပိတ်တာများတယ်။ ဒီနေ့ ၁ နာရီလောက်က သွားထည့်တာတောင်မရလိုက်ဘူး။ သူတို့က အချိန်ပြည့်သွားပြီလို့ပြောတယ်။ ကျနော့်နောက်က တန်းစီနေတာ အစီး တစ်ဆယ်ကျော်တောင်ရှိတယ်၊ မရလိုက်ဘူး” ဟုပြောသည်။
ယခုကဲ့သို့ ပန့်ဆီဆိုင်များတွင် ဆီပြတ်လပ်နေ၍ လမ်းဘေးမှ ဆီကို စျေးအပိုပေးပြီးဝယ်ရသော်လည်း ဖောက်သည်မပျက်ရန်အတွက် ပုံမှန်စျေးဖြင့်သာ အငှားဆွဲနေရသည်ဟု တုတ်တုတ်မောင်းသူ ဦးမောင်လှက ဆက်ပြောသည်။
“ဖောက်သည်မပျက်ဖို့အရေးကြီးတယ်လေ။ ခရီးသည် ဖောက်သည်တွေ ကလည်း ပုံမှန်စျေးပဲပေးတယ်။ စျေးနှုန်းက လုံးဝတိုးတောင်းလို့မရဘူး။ အခုက ဆီစျေးတက်တော့ တစ်ရက်ကို ငါးထောင်နှုန်းတောင် ရှာမရဘူး ဖြစ်နေတယ်။ အရင်တုန်းက ငါး တစ်ယောက် တစ်ဖဲ့ဝယ်စားနိုင်ရင် အခုဟင်းနဲ့ပဲ စားခံနေရတဲ့ ဘဝဖြစ်သွားတယ်။ ပတ်ဝန်းကျင်နဲ့ အဆက်အသွယ် မပြတ်ရအောင်အတွက် မျောခံနေတဲ့ ဘဝဖြစ်နေတယ်” ဟုပြောသည်။
စစ်တွေမြို့မှ ရွှေရိုးမဆီဆိုင်တွင်လည်း အောက်တိန်း(92) မှာ ယမန်နေ့ ညနေပိုင်းကပင် ကုန်သွားခဲ့ပြီး ယနေ့ညနေပိုင်းလောက်တွင် ဆီကားများ ဝင်လာမည်ဖြစ်ကြောင်း ရွှေရိုးမဆီဆိုင်က မမျိုးအိခိုင်က နိရဥ္စရာ သတင်းဌာနကို ပြောသည်။
“ အခု (92) မရှိဘူး။ ကားတော့ ဝင်ဖို့ရှိတယ်။ ဒီနေ့ နေ့လယ်ပိုင်းမဟုတ်ရင်၊ ညနေပိုင်းလောက်ဝင်မယ်” ဟုပြောသည်။
သံတွဲမြို့မှ စင်တော်ကောက်ဆီဆိုင်တွင်လည်း နိုင်ငံတော်မှ သတ်မှတ်ထားသော စျေးဖြင့်လည်း ဝယ်ယူ၍ မရသလို ပြင်ပမှလည်း ဝယ်ယူ၍မရတော့ခြင်းကြောင့် ဆီပြတ်လပ်မှုဖြင့် ရင်ဆိုင် ကြုံတွေနေရသည်ဟု စင်တော်ကောက်ဆီဆိုင်ပိုင်ရှင် ဦးသိန်းရွှေက သူ့၏လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ယမန်နေ့ မေလ ၂၀ ရက်နေ့က ရေးသားထားသည်။
“ယခုအခါတွင်တော့နိုင်ငံတော်က သတ်မှတ်သောစျေးဖြင့်လဲ ဝယ်ယူ၍ မရသလိုပြင်ပမှလဲ ဝယ်ယူ၍မရတော့ခြင်းကြောင့် ဆီပြတ်လတ်မှုဖြင့် ရင်ဆိုင်ကြုံတွေ့နေရခြင်းဖြစ်ပါသည်။ ယနေ့အချိန်အထိ ရခိုင်ပြည်နယ်ရှိ SME ဆိုင်များအတွက် ဝယ်ယူခွင့်မရရှိသေးပါ။ ရန်ကုန် မန္တလေး နေပြည်တော်ရှိပြည်သူများအတွက်ခွဲတမ်းချရောင်းပေးနေကြောင်းကြားသိရပါသည်။ ကျွန်တော်တို့ ရခိုင်ပြည်သူတွေအတွက်ဘယ်တော့ လောက်ခွဲတမ်းချ ရောင်းချပေးမလဲဆိုတာ မသိရသေးပါခင်ဗျာ”ဟု ရေးသားထားသည်။
ယနေ့စက်သုံးဆီစျေးနှုန်းမှာ စစ်တွေမှ ရွှေရိုးမဆီဆိုင်တွင် အောက်တိန်း(92) တစ်လီတာလျှင် ၂၄၄၀ ကျပ်၊ အောက်တိန်း(95) တစ်လီတာလျှင် ၂၄၆၅ ကျပ်၊ ပရီမီယာ တစ်လီတာလျှင် ၂၃၂၀ ကျပ်နှင့် ဒီဇယ် တစ်လီတာကို ၂၂၉၀ ကျပ်တို့ဖြင့်ရောင်းချနေသည်ဟု သိရသည်။
စစ်တွေမြို့မှ စက်သုံးဆီတင်သွင်းခွင့်ကို အစိုးရစျေးနှုန်းဖြင့်ရရှိထားသည့် ကျော်ဇံဆီဆိုင်တွင် အောက်တိန်း(92) တစ်လီတာလျှင် ၂၃၅၅ ကျပ်၊ အောက်တိန်း(95) တစ်လီတာလျှင် ၂၄၆၅ ကျပ်၊ ပရီမီယာ တစ်လီတာလျှင် ၂၃၂၉ ကျပ်၊ ဒီဇယ် တစ်လီတာကို ၂၂၉၀ ကျပ်၊ ဓာတ်ဆီ တစ်လီတာကို ၂၂၅၅ တို့ဖြင့် ရောင်းချပေးနေပြီး ဆီပြတ်လပ်မှုမရှိဟု ကျော်ဇံဆီဆိုင် မန်နေဂျာ ဦးလှိုင်အေးက ပြောသည်။
ပြီးခဲ့သည့်ရက်ပိုင်းက DENKO ဆီအရောင်းဆိုင်က 92 Ron နှင့် 95 Ron (၂) မျိုးစလုံးမှာ လက်ကျန်လျော့နည်းနေကြောင်း စွမ်းအင်ဝန်ကြီးဌာနကို တင်ပြခဲ့ရာ မြန််မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက စက်သုံးဆီပြတ်လပ်မှုသတင်းမှာ မဟုတ်မှန်ဘဲ စက်သုံးဆီသင်္ဘောများ အဆက် မပြတ်ဝင်ရောက်လျှက်ရှိကြောင်း ထုတ်ပြန်ထားသည်။
သို့ရာတွင် ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံမှ စက်သုံးဆီဆိုင်တချို့တွင် စက်သုံးဆီများ ပြတ်လပ်နေ၍ ပြည်သူများမှာ ပြင်ပဆိုင်များမှ စျေးပိုပေးကာ ဝယ်သူနေရကြောင်း သိရသည်။
မြန်မာနိုင်ငံကို စင်ကာပူနိုင်ငံမှ စက်သုံးဆီတိုက်ရိုက်တင်သွင်းနေခြင်းဖြစ်ကာ မလေးရှားနှင့် ကိုရီးယားနိုင်ငံတို့မှလည်း စက်သုံးဆီတင်သွင်းသည်ဟု သိရသည်။ ယင်းအပြင် ရုရားနိုင်ငံကနေ စက်သုံးဆီတင်သွင်းနိုင်ရေးအတွက် မြန်မာနှင့် ရုရှားတို့အကြားမှာဆွေးနွေးမှုများရှိခဲ့သည်ဟု သိရသည်။ NN-04

ဆက်စပ် သတင်းများ