ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

သံတွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ပို့ရန် အုန်းသီးအဝယ်လိုက်နေ၍ စျေးကောင်းရနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဖေဖော်ဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 9.9k

နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၇/၂ဝ၂၃

ရခိုင်ပြည်နယ် သံတွဲမြို့နယ်တွင် တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပို့ရန်အတွက် အုန်းသီးများ အဝယ်လိုက်နေ၍ စျေးကောင်းရနေသည်ဟု အုန်းသီးရောင်းချသူများမှ သိရသည်။

သံတွဲမြို့နယ်အတွင်း ဒေသခံကိုယ်စားလှယ်(ပွဲစား)များမှတဆင့် အုန်းသီးအကြီး/အသေးတစ်လုံးလျှင် ငွေကျပ် (၃ဝဝ)ဖြင့်ပေး၍ ပြီးခဲ့သည့် နိုဝင်ဘာလခန့်မှစတင်ကာ လိုက်လံဝယ်ယူနေကြခြင်းဖြစ်ကြောင်း သံတွဲမြို့နယ် ဇာဒီပြင်ကျေးရွာမှ အုန်းသီးရောင်းချသူ ဦးမြင့်စိုးက နိရဥ္စရာကိုပြောသည်။

ရောင်းချသူတွေအနေနဲ့ ရောင်းချငွေစုစုလုံးလုံးရတယ်။ အပင်တက်သမား တကူးတကမရှာရဘူး။ ဝယ်သူအိမ်သို့ တကူးတကသွားရောင်းစရာမလိုဘူး။ သူတို့ကိုယ်တိုင် လာဝယ်တော့ အခုလို ရောင်းချရတာ အဆင်ပြေတယ်ဟု ပြောသည်။

ရခိုင်မှ ဝယ်ယူသည့်အုန်းသီးများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် တစ်လုံးလျှင် ကျပ် ၁ ထောင်တန်ဖိုးရှိ ဘင်္ဂလာငွေဖြင့် ပြန်လည်ရောင်းချကြကြောင်းလည်း သိရသည်။

ထိုသို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့အုန်းသီးများတင်ပို့ရောင်းချနေမှုကြောင့် ဒေသခံလမ်းဘေးမုန့်လုပ် ရောင်းချသူများနှင့် အုန်းဆီထုတ်လုပ်ရောင်းချသူများအနေဖြင့်  အုန်းသီးများကို စျေးကြီး ပေးဝယ်ယူနေရသည်ဟု ၎င်းက ပြောသည်။

သံတွဲမြို့နယ်၊ ကင်းမော်ကျေးရွာမှ မုန့်လုပ်ရောင်းချသူတစ်ဦးက ပြီးခဲ့တဲ့နှစ်က အုန်းသီးအ သေးတစ်လုံးကို (၁၀၀)ကျပ်၊ အကြီး(၂၀၀)ကျပ်ရှိပြီး ဒီနှစ်မှာ အသေး(၂၀၀)ပေးရပြီး အလတ်(၃၀၀)၊ အကြီးကို(၅၀၀)လက်လီ စျေး ပေါက်နေတယ်။ အုန်းသီးတွေကိုလည်း အရင်လို အလွယ်တကူဝယ်မရတော့ စိတ်ပင်ပန်းရတယ်ဟု ပြောသည်။

အဆိုပါအုန်းသီးများကို သံတွဲမြို့မှ ၅ မိုင်ခန့်အကွာရှိ ကင်းမော်ရွာသင်္ဘောဆိပ်ကမ်းမှ ကုန်တင်သင်္ဘောငယ်များဖြင့် စစ်တွေသို့ ပို့ဆောင်ပြီး စစ်တွေမှတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ကုန်သွယ်ရေးဖြင့် ပို့ဆောင်ပေးခြင်းဖြစ်သည်။

ရခိုင်မှ အုန်းသီးများကို တစ်ဘက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်မှအစောပိုင်းမှစတင်ကာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြင့် ပို့ဆောင်ရောင်းချနေခြင်းဖြစ်သည်ဟု သိရသည်။

ဓာတ်ပုံ - သံတွဲမြို့ကင်း မော်ရွာဆိပ်ကမ်းတွင် အုန်းသီးများထုပ်ပိုးသယ်ဆောင်ရန်ပြင်ဆင်မှုအား တွေ့ရစဉ်။ (သတင်းပေးပို့သူ- သံတွဲ  CJ)

ဆက်စပ် သတင်းများ