အင်္ဂါ၊ ဧပြီလ ၂၃ရက်၊ ၂၀၂၄

ရခိုင်မှရွှေပုစွန်ခြောက် ပြည်နယ်ပြင်ပသို့ တင်ပို့ရောင်းချမှု စျေးကောင်းရနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 5.4k

နိရဥ္စရာ၊ မတ် ၁၈/၂၀၂၃

လက်ရှိရခိုင်မှ ရွှေပုစွန်ခြောက်များကို ရန်ကုန်၊ မန္တလေးအပါအဝင် ရခိုင်ပြည်နယ် ပြင်ပမြို့ကြီးများသို့ တင်ပို့ ှုသည် ယခင်နှစ်ကထက် စျေးကောင်း ရရှိနေသည်ဟု ရွှေပုစွန်ခြောက်ရောင်းဝယ်သူများက ပြောသည်။

လက်ရှိ ရခိုင်စျေးကွက်တွင် ရွှေပုစွန်ခြောက်အချို(အကောင်း)မျိုး တစ်ပိဿာလျှင် ကျပ် ၆ သောင်းခန့်ဖြင့်ရောင်းချလျက်ရှိနေပြီး ပြည်နယ်ပြင်ပမြို့ကြီးများသို့တင်ပို့ပါက တစ်ပိဿာလျှင် ကျပ် ၈ သောင်းမှ ၉ သောင်းခန့်အထိရရှိနေကြောင်း ပုစွန်ခြောက် ရောင်းချနေသူများက ပြောသည်။

စစ်တွေမြို့မစျေးတွင် ရွှေပုစွန်ခြောက်ရောင်းချနေသည့် အမျိုးသမီးတစ်ဦးက "ရွှေပုစွန်တွေက ပစ္စည်းအပေါ်မူတည်ပြီး စျေးအမျိုးမျိုးရှိတယ်။ ဆားမပါတာက စျေးပိုများရတယ်။ အခုစျေးတက်နေတာက နှစ်လ၊ သုံးလရှိနေပြီ။ ပစ္စည်းအပေါ်မှာမူတည်လို့ တစ်ပိဿာ ၈ သောင်း၊ ၉ သောင်းတန်တွေလည်းရှိတယ်။ အစ်မတို့ရန်ကုန်ကိုပို့တာဆိုရင် ဒီလိုစျေးမျိုးရတယ်။ စျေးကွက်ကတော့ လောလောဆယ်ကောင်းနေတယ်" ဟု နိရ ဥ္စရာသို့ပြောသည်။

ယခုနှစ်တွင် ပုစွန်ရှာရရှားသလို စက်သုံးဆီစရိတ်မြင့်တက်မှုကြောင့် ရခိုင်စျေးကွက်တွင် ပုစွန်ခြောက်စျေးနှုန်းမှာလည်း ယခင်နှစ်ကထက်မြင့်တက်နေကြောင်း ပုစွန်ခြောက်ရောင်းချသူများက ပြောသည်။

ယင်းသို့ စျေးပိုမြင့်တက်လာ၍ ဝယ်ယူသူနည်းပါးနေကြောင်းလည်း ရွှေပုစွန်ခြောက်ရောင်းချနေသည့် စစ်တွေမြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

"စျေးမှာရောင်းတာကတော့ အရောင်းအချသိပ်မကောင်းဘူး။ ရန်ကုန်ကို လက်ဆောင်ပို့ဖို့ လာဝယ်ကြတဲ့လူတွေရှိရင်တော့ ရောင်းရတယ်။ အခုကပုစွန်ရှားတယ်။ ပုစွန်ရှားလာလို့လည်း ပိုပြီးစျေးတက်လာတာ။ ဒီနှစ်မှ တစ်ပိဿ ငါးသောင်းကျော်၊ ခြောက်သောင်းရောင်းရတာ စျေးပိုတက်လာလို့" ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်များက ရခိုင်တွင် ရွှေပုစွန်ခြောက်တစ်ပိဿာကို ကျပ် ၃ သောင်းခန့်သာစျေးရှိပြီး ယခုနှစ်တွင် ကျပ် ၆ သောင်းဝန်းကျင်အထိ စျေးနှုန်းမြင့်တက်လာခြင်းဖြစ်ကြောင်း ပုစွန်ခြောက်ရောင်းချသူများက ပြောသည်။

ရခိုင်မှရွှေပုစွန်ခြောက်များကို လူကြီးမိဘများကို လက်ဆောင်ပေးရန်၊ အသိမိတ်ဆွေများကို လက်ဆောင်အဖြစ်ပေးရန်အတွက် ရခိုင်ပြန်လက်ဆောင်အဖြစ် ရခိုင်သို့လာရောက်သည့် ခရီးသွားများက ဝယ်ယူသွားတတ်ကြသည်။

ရခိုင်တွင် ရွှေပုစွန်ခြောက်ကို မြို့နယ်တိုင်းလိုလိုတွင် ပြုလုပ်ရောင်းချတတ်ကြသည်ဟုလည်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ