- Web Master
- ၁၉ နိုဝင်ဘာ ၂၀၂၃
(ငွေကြေးပေးချေရန်
ဒေါ်လာမရှိ၍ မြန်မာဘက်မှ ကုန်စည်တင်ပို့မှုများကို
ယာယီရပ်ဆိုင်းထားရပြီး ဆုံးရှုံးနစ်နာမှုများလည်း ရှိနေဟုဆို)
နိရဥ္စရာ၊ ဧပြီ ၉/၂၀၂၃
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဘဏ်အချို့က
အမေရိကန် ဒေါ်လာကို ကန့်သတ်လိုက်မှုကြောင့်
မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးတွင်
ထိခိုက်နစ်နာမှုများရှိနေကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းမှ သိရသည်။
ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်မှစပြီး ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် ဆိုနာလီ ( Sonali) ဘဏ်နှင့် ပုဂ္ဂလိကပိုင် အန်ဂရနီ( Agrani) ဘဏ်များမှ မြန်မာကုန်သည်များသို့ ထုတ်ပေးနေသည့် အမေရိကန် ဒေါ်လာကို ကန့်သတ်လိုက်သည်ဟု ဆိုသည်။
မတ်လနောက်ဆုံးပတ်မှစတင်ကာ မြန်မာ-ဘင်္ဂလားဒေ့ရှ်
နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလုပ်ငန်သို့ ငွေလွှဲပြောင်း ပေးနေသည့် ဆိုနာလီဘဏ်တွင်
ဒေါ်လာမရှိတော့ဟုဆိုကာ ဒေါ်လာများ ထုတ်မပေးတော့သလို အာဂရနီဘဏ်တွင်လည်း ဆော့ဖ်ဝဲပြဿနာကြောင့်ဟုဆိုကာ
ငွေကြေးများကို ကန့်သတ်ထားခဲ့ကြောင်း သိရသည်။
ယင်းကြောင့်
ဘင်္ဂလားဒေ့ရှ်ဘက်ရှိ ကုန်သည်များသည် သူတို့ဝယ်ယူမည့်ကုန်စည်များအတွက် လိုအပ်သည့်ဒေါ်လာများကို
အစိုးရထံမှ အပြည့်အဝ ဝယ်ယူခွင့်မရကြတော့၍ မြန်မာဘက်မှ
ကုန်စည်များကို ဒေါ်လာများဖြင့်ဝယ်ယူရန် အခက်အခဲဖြစ်ပေါ်နေရခြင်းဖြစ်သည်ဟု
ရခိုင်ပြည်နယ် ကုန်သည်များနှင့်
စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးအောင်အောင်က ပြောသည်။
“ငွေပေးတဲ့အခါမှာ အမေရိကန် ဒေါ်လာကို ပေးရမယ့်အပိုင်းမှာ ငြင်းဆန်နေတယ်။ ကန့်သတ်မှုတွေ၊ ထိန်းချုပ်မှုတွေရှိလာတယ်။
ဆိုတော့ ငွေကြေးစီးဆင်းမှုက တခြားအပြင်ဘက်တွေကို ရောက်သွားတယ်။
အဲဒီတော့ တရားဝင်ဘဏ်က ငွေမစီးဆင်းတော့ ဒီက ကုန်သည်တွေမှာလည်း အခက်အခဲဖြစ်တယ်”ဟု ဆိုသည်။
ဘင်္ဂလားဒေ့ရှ်ဘက်ရှိ
ကုန်သည်များသည် မြန်မာဘက်မှကုန်စည်များကို မှာယူထားခြင်းများ ရှိနေသော်လည်း သူတို့တွင် ငွေကြေးပေးချေရန်
ဒေါ်လာမရှိ၍ အခက်အခဲများနှင့်ကြုံနေရ၍
မြန်မာဘက်မှ ကုန်စည်တင်ပို့မှုများကို
ယာယီရပ်ဆိုင်းထားကြရပြီး ဆုံးရှုံးနစ်နာမှုများလည်း ရှိနေသည်ဟု ကုန်သည်များက ပြောသည်။
ယင်းအပြင် ယခုကဲ့သို့
တစ်ဘက်နှင့် တစ်ဘက် ငွေကြေးအပိုင်းတွင် အပြန်အလှန် ပြဿနာများရှိနေ၍
နောက်နောင်တွင် တရားမဝင်ကုန်သွယ်မှုများလည်း ဖြစ်လာနိုင်ကြောင်း
ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း
အတွင်းရေးမှူး ဦးအောင်အောင်က ဆက်ပြောသည်။
“အဲဒီလို ဒေါ်လာတွေသာ
ကန့်သတ်ထိန်းချုပ်မှုတွေရှိလာရင်တော့ ယုံကြည်မှုတွေ ကျဆင်းလာမယ်။
အခုမဖြစ်ရင်တောင် နောက်နောင်ဖြစ်လာမယ်ပေါ့။ နောက်ပြီး
တရားဝင်လမ်းကြောင်းထဲက ကုန်သွယ်မှုတွေက တရားမဝင် လမ်းကြောင်းတွေကို
ရောက်သွားနိုင်တယ်လို့
သုံးသပ်ပါတယ်”
ဟု
ဆိုသည်။
နိုင်ငံခြား ကုန်သွယ်မှုလုပ်ငန်းများတွင်
နိုင်ငံခြားငွေများဖြင့်သာ ကုန်သွယ်ရမည်ဟု မြန်မာနိုင်ငံ ဗဟိုဘဏ်က ပြဋ္ဌာန်းထား၍ လက်ရှိတွင်
ဘင်္ဂလားဒေ့ရှ်ဘက်၌ ဒေါ်လာအခက်အခဲများကြောင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ
အခက်အခဲဖြစ်နေကြခြင်းဖြစ်သည်ဟု ကုန်သည်များက ဆိုသည်။
လက်ရှိတွင်
မြန်မာဘက်ရှိ မောင်တောနှင့် စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းတို့မှ ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့နေသည့် ကုန်စည်အချို့အတွက်
မြန်မာငွေများဖြင့်သာ ပေးချေနေကြရကြောင်း သိရသည်။
မြန်မာဘက်မှ ဘင်္ဂလားဒေ့ရှ်သို့
အဓိကတင်ပို့ကုန်များမှာ ရေချိုငါး၊ ကြက်သွန်နီနှင့် ဒေသထွက်ကုန်များ ဖြစ်သော အုန်းသီး၊ ကွမ်းသီး၊ မတ်ပဲနှင့် ငါးနီတူခြောက်တို့ဖြစ်သည်။
စစ်တွေနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းတို့မှ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ ဒီဇင်ဘာလအထိ (၃) လတာအတွင်း ပို့ကုန်ပမာဏ အမေရိကန် ဒေါ်လာ (၅.၅၈)သန်းဖိုးရှိခဲ့ပြီး သွင်းကုန်ပမာဏ အမေရိကန်ဒေါ်လာ ၀.၁၂ သန်း ဖိုးရှိခဲ့သည်ဟု ရခိုင်ပြည်နယ်ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ထားချက်အရ သိရသည်။
လက်ရှိမြန်မာကျပ်ငွေနှင့် ဘင်္ဂလားဒေ့ရှ် တာကာငွေ လဲလှယ်မှုနှုန်းမှာ ဘင်္ဂလာ တစ်တကာသည် မြန်မာကျပ်ငွေ ၂၅ (သို့မဟုတ်) ၂၆ ကျပ်နှင့် ညီမျှသည်ဟု သိရသည်။
(NN-18)