တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

မုန်တိုင်းအလွန် ရခိုင်-ဘင်္ဂလား​ဒေ့ရှ် နယ်စပ်ကုန်သွယ်မှု ကျဆင်းသွား


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇွန် ၂၀၂၃
  • | ကြည့်ရှုသူ: 968

မိုခါဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်မှု တစ်လကျော်ကြာကာလတွင် ရခိုင်ပြည်နယ်၏ နယ်စပ် ကုန်သွယ် ရေးစခန်းများမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကုန်သွယ်မှု ကျဆင်းသွားကြောင်း ပြည်နယ်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များအသင်း(RSCCI) အတွင်းရေးမှူး ဦးအောင်အောင်က နိရဥ္စရာသို့ပြောသည်။

"အခုဆို မုန်တိုင်းတိုက်ပြီးတစ်လကျော်ရှိလာပါပြီ။ နယ်စပ်ကုန်သွယ်မှုက လျော့ကျ သွားတာတော့ မှန်ပါတယ်။ ကျနော်တို့က စာရင်းတွေတော့ အတိအကျ မရသေးဘူးပေါ့နော်။ ဒါပေမယ့် လျော့နည်းသွားတာကတော့ အမှန်ပါပဲ"ဟု ပြောသည်။

မိုခါမုန်တိုင်းတိုက်ခတ်ပြီး ရက်သတ္တတစ်ပတ်ကျော်အကြာတွင် ကုန်သွယ်ရေးများ ပြန်လည် စတင်နိုင်ခဲ့သော်လည်း မုန်တိုင်းနောက်ဆက်တွဲပြဿနာများအပါအဝင် တစ်ဘက်နိုင်ငံ ဘဏ်များ၏ ကုန်ပစ္စည်းအပေါ် ငွေကြေးပေးချေရာတွင် ကန့်သတ်မှုများကြောင့် နယ်စပ်ကုန်သွယ်ရေး၏ ပို့ကုန်သွင်းကုန်လျော့နည်းသွားခြင်းဖြစ်နိုင်ကြောင်း သူကပြောသည်။

"ကုန်သွယ်မှုလျော့ကျသွားရတာက မုန်တိုင်းကြောင့်လည်း ဆိုင်ပါတယ်။ နောက်ပြီးတော့ တစ်ဖက်နိုင်ငံကဘဏ်တွေရဲ့ ငွေပေးချေမှုလျော့နည်းသွားတာနဲ့လည်းဆိုင်လိမ့်မယ်။ အဲဒီတစ်ဖက်နိုင်ငံက ဘဏ်တွေကနေပြီးတော့ ကုန်ပစ္စည်းအပေါ်မူတည်ပြီးတော့ ငွေပေးချေတာကို ကန့်သတ်ထားတာရှိပါတယ်" ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် မတ်လနောက်ဆုံးပတ်မှစပြီး ဘင်္ဂလားဒေ့ရှ်အစိုးရပိုင် ဆိုနာလီ ( Sonali)ဘဏ်နှင့် ပုဂ္ဂလိကပိုင် အာဂရနီ(Agrani) ဘဏ်များမှ မြန်မာကုန်သည်များသို့ ထုတ်ပေးနေသည့် အမေရိကန် ဒေါ်လာကို ကန့်သတ်ခဲ့သည်ဟု သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး လုပ်ငန်းသို့ ငွေလွှဲပြောင်းပေးနေသည့် ဆိုနာလီဘဏ်တွင် ဒေါ်လာမရှိတော့ဟုဆိုကာ ဒေါ်လာများ ထုတ်မပေးတော့သလို အာဂရနီဘဏ်တွင်လည်း ဆော့ဖ်ဝဲပြဿနာကြောင့်ဟုဆိုကာ ငွေကြေးများကိုကန့်သတ်ထားခဲ့ကြောင်း မြန်မာဘက်မှ ကုန်သည်များက ပြောသည်။



ယင်းကြောင့် ဘင်္ဂလားဒေ့ရှ်ဘက်ရှိ ကုန်သည်များသည် သူတို့ဝယ်ယူမည့် ကုန်စည်များ အတွက် လိုအပ်သည့်ဒေါ်လာများကို အစိုးရထံမှ အပြည့်အဝ ဝယ်ယူခွင့် မရကြတော့၍ မြန်မာဘက်မှ ကုန်စည်များကို ဒေါ်လာများဖြင့်ဝယ်ယူရန် အခက်အခဲ ဖြစ်ပေါ်နေရသည်ဟုလည်း ဆိုကြသည်။

နိုင်ငံခြား ကုန်သွယ်မှုလုပ်ငန်းများတွင် နိုင်ငံခြားငွေများဖြင့်သာ ကုန်သွယ်ရမည်ဟု မြန်မာနိုင်ငံ ဗဟိုဘဏ်က ပြဋ္ဌာန်းထား၍ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်ဘက်၌ ဒေါ်လာအခက်အခဲများကြောင့် နှစ်နိုင်ငံကုန်သွယ်မှုလုပ်ငန်းများ အခက်အခဲ ဖြစ်နေကြခြင်းဖြစ်သည်ဟု ကုန်သည်များက ပြောသည်။

ရခိုင်ပြည်နယ်ရှိ စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေးစခန်းနှင့် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းများမှ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသို့ ကြက်သွန်၊ ငါးခြောက်၊ ကွေကာအုပ်၊ မကျည်းသီး၊ မကျည်းစေ့၊ သနပ်ခါးနှင့် လူကြီးစီးဖိနပ်များကို အဓိကပို့ပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံမှသွင်းကုန်များမှာ ပလပ်စတစ်ပစ္စည်းများနှင့် ရေတိုင်ကီဗူးများဖြစ်ကြကြောင်း သိရသည်။

၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလမှစတင်ကာ လက်ရှိအချိန်ထိ မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုမှ အမေရိကန် ဒေါ်လာ (၂) သန်းကျော် ဆောင်ရွက်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဖော်ပြထားသည့် စာရင်းများအရ သိရသည်။

မြန်မာ - ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးစခန်း နှစ်ခုမှ ကုန်သွယ်မှု ဝင်ငွေ အမေရိကန် ဒေါ်လာ ၁ ဒဿမ ၉၃၈ သန်း ရရှိထားပြီး သွင်းကုန်တင်သွင်းမှုမှ အမေရိကန်ဒေါ် လာ ၀ ဒဿမ ၃၁၀ သန်း အသုံးပြုထားကြောင်း သိရသည်။

အဆိုပါ စာရင်းဇယားများမှာ ၂၀၂၃- ၂၀၂၄ ဘဏ္ဍာနှစ် ဧပြီလ (၁) ရက်မှ မေလ (၂၆) ရက်အထိ ဆောင်ရွက်ထားသည့် ကုန်သွယ်မှု ဝင်ငွေထွက်ငွေစာရင်းဖြစ်ပြီး မြန်မာ - ဘင်္ဂလားဒေ့ရှ်နယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်သည့် စစ်တွေနှင့် မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းတို့မှဆောင်ရွက်ထားသည့် ကုန်သွယ်မှုအခြေအနေများ ဖြစ်သည်။

ယင်းကာလအတွင်း စစ်တွေနယ်စပ်မှတဆင့် ကုန်သွယ်မှုဝင်ငွေ ၀.၇၁၈ သန်းရရှိထားပြီး သွင်းကုန်အနေဖြင့် ၀.၃၀၃ သန်းဖြင့် စုစုပေါင်း ကုန်သွယ်မှု ပမာဏ တန်ဖိုး ၁.၀၂၁ သန်း ဆောင်ရွက်ထားကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ထို့အပြင် မောင်တောနယ်စပ် ကုန်သွယ်ရေးစခန်းမှ ပို့ကုန်ရငွေ ၁.၂၂၀ သန်းနှင့် သွင်းကုန်ကဏ္ဍ၌ ၀.၀၀၇ သန်းဖြင့် စုစုပေါင်း ကုန်သွယ်မှုတန်ဖိုး ၁.၂၂၇ သန်း ဆောင်ရွက်ထားကြောင်း စီးပွားကူးသန်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။ (NN-23)

ဓာတ်ပုံ- ပုံဟောင်း

ဆက်စပ် သတင်းများ