တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

ဘင်္ဂလားဒေ့ရှ်သို့ တင်ပို့သည့် ပို့ကုန်အမယ် ၅ မျိုးကို စစ်တွေကုန်သွယ်ရေးစခန်းမှသာခွင့်ပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.1k

(မောင်တောကုန်သွယ်ရေးစခန်းမှ ခွင့်မပြုတော့ဟုဆို)

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ကုန်သွယ်မှုအတွက် အဓိကအားထားရာ ရခိုင်မှ နယ်စပ်ကုန်သွယ်ရေး စခန်း ၂ ခုအနက် ပို့ကုန်အမယ် ၅ မျိုးကို စစ်တွေကုန်သွယ်ရေး စခန်းမှသာ ခွင့်ပြုတော့မည်ဟု ကုန်သွယ်ရေးဦးစီးဌာနက အသိပေးထုတ်ပြန်သည်။

 

တင်ပို့ခွင့်ရသည့်  ပို့ကုန်အမယ်များအထဲတွင် လယ်ယာ/စိုက်ပျိုးထွက်ကုန်များဖြစ်ကြသည့်  ဆန်/ဆန်ကွဲ၊ ပဲမျိုးစုံ၊ နှမ်း/မြေပဲ/မြေပဲဆံနှင့် ကြက်သွန်နီတို့ ပါဝင်သည်။

 

ရေထွက်ကုန်အမျိုးအစားအနေဖြင့် ရေချို၊ ရေငံ ငါးမျိုးစုံတို့ပါဝင်သည်။

 

အဆိုပါ ပို့ကုန်အမယ်များကို စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်း (ရွှေမင်းဂံ) ဆိပ်ကမ်း တစ်ခုတည်းကသာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထံ တင်ပို့ခွင့်ပြုသွားမည်ဟု ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပြန်လာသဖြင့် မောင်တော ကညင်ချောင်းစီးပွားရေးဇုန်ကတဆင့် တင်ပို့ခွင့်ရရှိတော့မည် မဟုတ်ဟု သိရသည်။



 

ကုန်သွယ်မှုလုပ်ငန်းများကို စနစ်တကျဆောင်ရွက်နိုင်စေရန် တစ်ဖက်နိုင်ငံနှင့် ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပြီး စက်တင်ဘာလ ၄ ရက်နေ့ကတည်းက  စတင်ခဲ့သည်ဟု သိရှိရသည်။

 

မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို စစ်တွေ-အငူမော်-မောင်တောလမ်းကြောင်းကနေ ကုန်ပစ္စည်းများအဓိက ပို့ဆောင်ပြီး ကညင်ချောင်းစီးပွားရေးဇုန်ကတဆင့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို တင်ပို့နေခဲ့ခြင်းဖြစ်သည်။

 

ယခုဘဏ္ဍာနှစ် ဇူလိုင်အထိ ၄ လအတွင်း နှစ်နိုင်ငံကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃ ဒဿမ ၅၇ သန်းပမာဏ ရှိခဲ့ပြီး မြန်မာဘက်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ကန်ဒေါ်လာ ၃ ဒဿမ ၃၅ သန်းတန်ဖိုးရှိ ပို့ကုန်များကို တင်ပို့ထားကြောင်း သိရှိရသည်။

 

NN-30

Ref: BETV Business news

ဆက်စပ် သတင်းများ