တနင်္လာ၊ ဧပြီလ ၂၉ရက်၊ ၂၀၂၄

စစ်တွေ-စစ်တကောင်း ကမ်းရိုးတန်းသွား ကုန်သင်္ဘောလိုင်းပြေးဆွဲမည့်အစီအစဉ် တစ်နှစ်ကျော်ကြာသည့်တိုင် အကောင်အထည်မဖော်နိုင်သေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ စက်တင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်နိုင်ရေးအတွက် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့အထိ ကမ်းရိုးတန်းသွား ကုန်တင်သင်္ဘောလိုင်း(Coastal Shipping Line)ပြေးဆွဲမည့် အစီအစဉ်မှာ တစ်နှစ်ကျော်ကြာသည့်တိုင် အကောင်အထည် မဖော်နိုင်သေးဟု သိရသည်။

စစ်တွေ-စစ်တကောင်းသင်္ဘောလိုင်းပြေးဆွဲနိုင်ရေးအတွက် နှစ်နိုင်ငံကုန်သည်များသည် ပြီးခဲ့သည့် ၂ဝ၂၂ ခုနှစ်၊ ဇွန်လမှစတင်ကြိုးစားနေကြခြင်းဖြစ်ပြီး  လက်ရှိတွင် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက နှစ်နိုင်ငံသဘော တူညီချက်များကို ပြန်လည်ဆန်းစစ် နေဆဲဖြစ်သည်ဟု ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(RSCCI) ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောသည်။

"အခြေအနေကတော့ ထူးခြားမှုမရှိသေးပါဘူး။ ဆန်းစစ်ရေးပြုလုပ်နေဆဲပါပဲ" ဟု ပြောသည်။

အဆိုပါသင်္ဘောလိုင်းပြေးဆွဲနိုင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံအမတ်နှင့် ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်တို့ ဦးဆောင်သော ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်သည် ၉ ဦးနှင့် ရခိုင်မှ RSCCI ဦးဆောင်သောကုန်သည် ၂၇ ဦးတို့သည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၇ ရက်နှင့် ဇွန်လ ၁၈ ရက်တို့တွင် စစ်တွေဟိုတယ်ခန်းမ၌ စတင်တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

အဆိုပါသင်္ဘောလိုင်းကို စစ်တွေတွင် အိန္ဒိယအစိုးရကတည်ဆောက်ပေးထားသည့် စစ်တွေဆိပ်ကမ်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းဆိပ်ကမ်းတို့ တိုက်ရိုက်ဆက်သွယ် ကူးသန်းနိုင်ရန် ကြိုးစားနေကြခြင်းလည်းဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံမှ ကုန်ပစ္စည်းများကို ရခိုင်ပြည်အတွင်းရှိ မောင်တော(ကညင်ချောင်း) နယ်စပ်ကုန်သွယ်ရေးစခန်း၊ စစ်တွေရွှေမင်းဂံနယ်စပ်ကုန်သွယ်ရေး စခန်းတို့မှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက်ကနက် (ကယုချောင်း) ဆိပ်ကမ်းတစ်ခုတည်းဖြင့်သာ ကုန်သွယ်မှုများ လုပ်ဆောင်နေကြရသည်။



ထိုသို့နယ်စပ်ကုန်သွယ်ရေးမှတစ်ဆင့် ကုန်သွယ်ရသည့်အတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ကုန်သည်များအတွက် ကုန်ကျစရိတ်များပြားခြင်း၊ သယ်ယူပို့ဆောင်ရေးပိုင်းများတွင် အခက်အခဲများ ရှိနေကြသည်ဟု စစ်တွေမြို့မှ အမည်မဖော်လိုသည့် ကုန်သည်တစ်ဦးက ပြောသည်။

"နယ်စပ် တက်ကနက်က ကုန်ပစ္စည်းတွေကို စစ်တကောင်းအထိ ကားတွေနဲ့ တင်ပို့ရတာ စရိတ်တွေ အကုန်အကျ များတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းပိုင်းဆိပ်ကမ်းအထိ ရေကြောင်း ကနေ ပို့ဆောင်ခွင့် ရမယ်ဆိုရင်တော့ ဈေးကွက်ထဲကို တိုက်ရိုက်ရောက်နိုင်တယ်။ ပိုအဆင်ပြေတာပေါ့။ ကျွန်တော်အနေနဲ့ ပြောရရင် အဲ့ဒီကမ်းရိုးတန်းသွားသင်္ဘောလိုင်း အမြန်ပြေးဆွဲခွင့်ရရင်တော့ ပိုကောင်းတာပေါ့" ဟုပြောသည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုန်သွယ်နေသည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းထက် ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ စစ်တကောင်း၊ ဒက္ကားမြို့ ကုန်းတွင်းပိုင်းဆိပ်ကမ်းအထိ တိုက်ရိုက် ကုန်သွယ်နိုင်ပါက ကုန်သွယ်မှုပမာဏ တိုးလာနိုင်ခြင်း၊ နှစ်နိုင်ငံကုန်သွယ်မှုများ၏ ကုန်စည်စီးဆင်းမှု များပြားလာနိုင်ခြင်း၊ အကျိုးအမြတ်များလည်း ထိုက်သင့်သလောက်ရရှိလာနိုင်သည်ဟုလည်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် လူဦးရေ သန်း ၁၆၅ သန်းကျော်ရှိပြီး အလွန်ကြီးမားသော စျေးကွက်ကြီး တစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံ၏ ဗဟိုချုပ်ကိုင်မှု ကြိုးနီစနစ်များကြောင့် ကုန်ပစ္စည်းများမှာ စိုက်ပျိုးရေး အခြေခံပစ္စည်းအမယ်အနည်းငယ်သာဖြစ်သည့် ဂျင်း၊ ကြက်သွန်၊ ငရုပ်နှင့် နနွင်းနှင့်  ဇီးယိုထုတ်များ အပါအဝင် ရေချိုငါးတို့ကိုသာ တင်ပို့နေရသည်ဟု သိရသည်။  

ဓာတ်ပုံ - မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကုန်သွယ်မှုမြှင့်တင်ရေး နှစ်နိုင်ငံကုန်သည်များ စစ်တွေတွင်တွေ့ဆုံဆွေးနွေးခဲ့စဉ်။

Photo – RSCCI

ဆက်စပ် သတင်းများ