တနင်္ဂနွေ၊ ဧပြီလ ၂၈ရက်၊ ၂၀၂၄

ရခိုင်တိုက်ပွဲကြောင့် ဘင်္ဂလား-မြန်မာနယ်စပ်ကုန်သွယ်ရေး လုံးဝရပ်တန့်


  • ရေးသူ: Web Master (NN 14)
  • | ရက်စွဲ: ၂၃ နိုဝင်ဘာ ၂၀၂၃
  • | ကြည့်ရှုသူ: 1.4k

ရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့  တိုက်ပွဲများ ပြန်လည်၍ အပြင်းအထန် ဖြစ်ပွားနေသဖြင့် ဘင်္ဂလား-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ လုံးဝရပ်တန့်သွားကြောင်း ကုန်သည်များထံမှ သိရသည်။

နိုဝင်ဘာလ ၁၃ ရက်နေ့က ရခိုင်ပြည် ရသေ့တောင်၊ မောင်တော၊ ပေါက်တောနှင့် မင်းပြားမြို့နယ်များတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်တို့ တိုက်ပွဲများစတင်ဖြစ်ပွားပြီးနောက် ယခုကဲ့သို့ ကုန်သွယ်မှုရပ်တန့် သွားခြင်းဖြစ်ကြောင်း မောင်တောဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။

“မောင်တောကလည်း အဲဒီဘက်ကို ကုန်ပစ္စည်းပို့တာမရှိဘူး။ ဘင်္ဂလာဘက်ကလည်း ကုန်ပစ္စည်းဝင်တာ မရှိတော့ ဘူး။ တစ်ပတ်ခန့်ကြာပြီ ရပ်နေတာ”ဟု ပြောသည်။

နိုဝင်ဘာလ ၁၄ ရက်နေ့က စစ်တွေဆိပ်ကမ်းမှ ဘင်္ဂလာဒေ့ချ်နိုင်ငံ၊ တက်ကနက်ဆိပ်ကမ်းကို ငါးတန်ချိန် ၄၀ ကျော်တင်ပို့ပြီးနောက် နောက်ထပ် တင်ပို့မှုမရှိသကဲ့သို့ ဘင်္ဂလာဘက်မှလည်း ကုန်ပစ္စည်း ၀င်ရောက်ခြင်း မရှိဟု ဆိုသည်။

ယခုကဲ့သို့ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်သွားခြင်းမှာ တိုက်ပွဲများစတင်ဖြစ်ပွားပြီးနောက် စစ်ကောင်စီက ကုန်းလမ်း၊ ရေလမ်းအားလုံးကို ပိတ်လိုက်သည့်အတွက်ဖြစ်ပြီး နှစ်ဘက်ကုန်သည်များ အတွက်လည်း နစ်နာ ကြရသည်ဟု ဆိုသည်။

“လမ်းတွေကို ပိတ်လိုက်တော့ အားလုံးရပ်တန့်သွားတယ်။ ဘာမှသွားလာလို့မရတော့ဘူး။ ဒီလို ရုတ်တရက်ကြီး ရပ်တန့်သွားတဲ့အတွက် နှစ်ဘက်လုံးက နစ်နာတာပေ့ါနော်။ ဒီဘက်ကလည်း ကုန်ပစ္စည်းတွေ ပျက်စီးသွားတယ်။ တစ်ဘက်ကလည်း မှာထားတဲ့ ပစ္စည်းတွေမရ ဖြစ်သွားတယ်”ဟု ပြောသည်။

လွန်ခဲ့သည့် အောက်တိုဘာလက မြန်မာနိုင်ငံမှ ကြက်သွန်တန်ချိန် ၁၃၀၀ တင်သွင်းခဲ့ပြီး နောက်ထပ် ကြက်သွန်နီ တန်ချိန် ၆၀၀ နှင့် ဂျုံတန်ချိန် ၄၀၀ တင်သွင်းရန် ကျန်ရှိနေသည်ဟု ဘင်္ဂလားဒေ့ရှ် ဒေသဆိုင်ရာ သတင်းတစ်ပုဒ်တွင် ရေးသားဖော်ပြသည်။

ယခုကဲ့သို့ ကုန်သွယ်မှုရပ်တန့်သွားသည့်အတွက် ဘင်္ဂလာဒေ့ချ်နိုင်ငံသုံး တာကာငွေ သန်း ၁၅၀ ခန့် နစ်နာရသည် ဟုလည်း အဆိုပါ သတင်းတွင်ဖော်ပြသည်။

နိုဝင်ဘာလ ၁၁ ရက်မှ ၁၄ ရက်နေ့အထိ စစ်တွေကုန်သွယ်ရေးဇုန်မှ ဘင်္ဂလာဒေ့ချ်နိုင်ငံသို့ မန်ကျည်းစေ့၊ ဇီးဖတ်၊ (ဂျင်း) အစို၊ အခြောက်၊ ငါးမြစ်ချင်း၊ ငါးသလောက်၊ ကွမ်းသီးနှင့် ဇီးယိုထုပ်စည်သည့် ကုန်ပစ္စည်း အမေရိ ကန် ဒေါ်လာ (၀ ဒဿမ ၃၁၃၈) သန်းဖိုး တင်ပို့ခဲ့သည်ဟု စစ်ကောင်စီ အကောက်ခွန်ဦးစီးဌာန စာရင်းအရ သိရှိရသည်။

ဘင်္ဂလား မြန်မာနယ်စပ်ကုန်သွယ်ရေးတွင် မြန်မာဘက်မှ စစ်တွေ ရွှေမင်းဂံ ဆိပ်ကမ်းနှင့် မောင်တော ကညင်ချောင်း စီးပွားရေးဇုန်ကို အသုံးပြုပြီး ဘင်္ဂလာဒေ့ချ်နိုင်ငံသို့ သစ်တောနှင့် လယ်ယာထွက် ကုန်ပစ္စည်း အပါအဝင် ရေထွက်ကုန်ပစ္စည်းများကို ရေးလမ်းမှ တစ်ဆင့် ဘင်္ဂလာဒေ့ချ်နိုင်ငံ၊ တက်ကနက်ဆိပ်ကမ်းကို အဓိက တင်ပို့ပြီး ဘင်္ဂလာဘက်မှ ပလစတိတ်နှင့် ဒန်အိုး၊ ဒန်ခွက်များကို မြန်မာဘက်သို့ တင်သွင်းကြောင်း သိရသည်။ (NN-14)

ဆက်စပ် သတင်းများ