နိရဉ္စရာ၊ ဇူလိုင် ၁၉/ ၂၀၂၅ (စီးပွားရေး)
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ “ဝ” ဒေသ၏ သံဖြူသတ္တု ထုတ်လုပ်တင်ပို့မှု ပြန်လည်စတင်မည့်သတင်းကြောင့် သံဖြူဈေးနှုန်း သုံးပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်းသွားခဲ့သည်ဟု သတင်းရရှိသည်။
မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း “ဝ” ဒေသ၏ သံဖြူသတ္တု ထုတ်လုပ်တင်ပို့မှုကို ၂နှစ်နီးပါး ရပ်နားထားပြီးနောက် လာမည့်လများအတွင်း တင်ပို့ရောင်းချမှု ပြန်လည်စတင်ရန်ပြင်ဆင်လာသည်ကိုတွေ့ရှိရသည်ဟု BETV စီးပွားရေးသတင်းတွင် ဖော်ပြသည်။
ယခုသီတင်းပတ်အတွင်း သတ္တုတူးဖော်မှု ပြန်လည်စတင်နိုင်မည်ဟု ကုန်သည်များ၏ထင်ကြေးပေးမှုများကြောင့် ဗုဒ္ဓဟူးနေ့တွင်သံဖြူသတ္တုဈေးနှုန်းမှာ သုံးပတ်အတွင်း အနိမ့်ဆုံးကို ကျဆင်းခဲ့သည်ဟုသတင်းတွင် ဆက်လက်ဖော်ပြထားသည်။
သံဖြူသတ္တုက လန်ဒန်သတ္တုအိတ်ချိန်းတွင်မက်ထရစ်တစ်တန်ကို အမေရိကန်ဒေါ်လာ ၃၂,၇၇၅ အထိ ၁.၆ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဇွန်လ ၂၅ ရက်နောက်ပိုင်း အနိမ်ဆုံးအဆင့်လည်း ဖြစ်ခဲ့သည်ဟုဆိုသည်။
မြန်မာနိုင်ငံသည် ကမ္ဘာ့တတိယအကြီးဆုံး သံဖြူသတ္တုထုတ်လုပ်တင်ပို့သည် နိုင်ငံဖြစ်ပြီး “ဝ” ဒေသက မြန်မာ့သံဖြူတင်ပို့မှု၏ ၇၀ ခိုင်နှုန်းကို ထုတ်လုပ်နေသည်။
“ဝ” ပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA အနေဖြင့်တွင်းထွက်သယံဇာတများကို ကာကွယ်ရန်အတွက် “ဝ” ဒေသက သံဖြူသတ္တုတွင်းလုပ်ငန်းအားလုံးကို ၂၀၂၃ ခုနှစ် သြဂုတ်လတွင်ရပ်ဆိုင်းခဲ့သည်။
ရပ်ဆိုင်းမှု ၂ နှစ်အကြာတွင် မြန်မာနိုင်ငံအရှေ့မြောက်ပိုင်း “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ သံဖြူသတ္တု တင်ပို့ရောင်းချမှုတွေကို ပြန်လည်စတင်နိုင်မည်ဟု မျှော်လင့်ရကြောင်း နိုင်ငံတကာသံဖြူသတ္တုထုတ်လုပ်ရေးအသင်းကပြောဆိုသည်။
အကောက်ခွန်ဆိုင်ရာ အချက်အလက်များအရ မြန်မာနိုင်ငံမှ သံဖြူသတ္တရိုင်းတင်ပို့မှုမှာ၂၀၂၄ ခုနှစ်တွင် ထက်ဝက်ကျော် ကျဆင်းသွားခဲ့သည်ဟုဆိုသည်။