ဆောင်းဇာခြည်
နိရဥ္စရာ၊ ဇူလိုင် ၈/၂၀၁၉
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ တောင်ရင်းကျွန်း၊ သဝင်ချောင်းကျေးရွာမှ ငါးဖမ်းထွက်သည့် စက်လှေတစ်စီး နစ်မြုပ်သွား၍ အမျိုးသား ၂ ဦးပျောက်ဆုံးနေကြောင်း သိ၇သည်။
သဝင်ချောင်းကျေးရွာမှ ဦးအောင်သန်းတင် (၅၇)နှစ်၊ ဦးအောင်ဌေးဝင်း (၂၅)နှစ်နှင့် မောင်အောင်သန်းဌေး (၁၀)နှစ်တို့ လိုက်ပါလာသည့် ငါးဖမ်းလှေသည် ဇူလိုင် ရ ရက်နေ့ နံနက် ၈ နာရီခွဲခန့်တွင် ပေါက်တောမြို့နယ် ချောင်း၀ကျေးရွာ အောက်ဘက်ရှိမြစ်အတွင်းသို့ ငါးဖမ်းထွက်ရာ ရာသီဥတု ဆိုးဝါးမှုကြောင့် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း သိ၇သည်။
ယင်းသို့ နစ်မြုပ်သွားမှုကြောင့် လှေပေါ်တွင်ပါလာသည့် ဦးအောင်သန်းတင်နှင့် ဦးအောင်ဌေးဝင်းတို့မှာ ပျောက်ဆုံးနေပြီး အသက် (၁၀) နှစ်အရွယ် မောင်အောင်သန်းဌေးမှာ ရေစီးအတိုင်းမျောပါလာကာ ပိန္နဲချောင်းကျွန်းရှိ အနောက်ရဲ ဘင်္ဂါလီရွာအနီးကပ်စပ်သို့ အသက်ရှင်လျက်ရောက်ရှိလာကြောင်း သိ၇သည်။
“ အဲကလေးက အနောက်ရဲ ဘင်္ဂလီ ရွာရဲ့ ကပ်းစပ်တစ်နေရာကို မျောပါလာတယ်။ ကုန်းမြေပေါ်ရောက်တော့ သူတို့ရဲ့ အသံတွေကြားလို့ ကြောက်လာတာနဲ့ ကျွန်တော်တို့ရွာဘက်ကို ရောက်လာတာလို့ အဲကလေးက ပြောပြတယ်။ ကျွန်တော်တို့ ရွာဘက်ကိုရောက်တော့ ကျွန်တော့်အဖေနဲ့ ရွာပြင်မှာတွေ့ပြီး သဝင်ချောင်းရွာကို အဆက်သွယ်လုပ်ပြီးတော့ သူ့ဆွေမျိုးတွေလက်ထဲ အပ်လိုက်ပါတယ် ”ဟု ပေါက်တောမြို့နယ် တောင်ဦးမော်ရွာမှ ဦးသန်းစိုးထွန်းက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ထိုကဲ့သို့ လှေနစ်မြုပ်ချိန်တွင် မောင်အောင်သန်းဌေးမှာ ရေသန့်ဗူးခွံတစ်လုံးအားမှီခို ကူးခတ်၍ အသက်ရှင်ခဲ့သော်လည်း ဦးအောင်သန်းတင်နှင့် ဦးအောင်ဌေးဝင်းတို့မှာ လှေ၏ ဘေးတစ်ဘက်သို့ ရောက်ရှိသွားကာ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။
“မြေငူကျွန်းဘက်က ချောင်း၀ရွာအောက်ဘက်မှာရှိတဲ့ မြစ်ထဲကို ငါးဖမ်းဖို့ မကြာမကြာသွားတယ်ပေါ့။ ခုလိုမဖြစ်ဖူးပါဘူး။ အခုက ရာသီဥတုဒဏ်ကြောင့် ဖြစ်သွားတာပါ”ဟု ပျောက်ဆုံးနေသူ ဦးအောင်သန်းတင်၏ သမီးဖြစ်သူ မသန်းအေးခိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။
ဦးအောင်သန်းတင်မှာ မောင်အောင်သန်းဌေး၏ ဖခင်ဖြစ်ပြီး ဦးအောင်ဌေးဝင်းမှာ ဦးအောင်သန်းတင်၏ သားမက်ဖြစ်ကြောင်းလည်း သိ၇သည်။
လက်ရှိတွင် ပျောက်ဆုံးနေသူ ၂ ဦးအား ယင်းသဝင်ချောင်းကျေးရွာမှ ရွာသူ၊သားများ ဝိုင်းဝန်းကူညီပြီး ဇူလိုင် ရ ရက်နေ့ ညနေပိုင်းမှစပြီး ယနေ ဇူလိုင်လ ၈ ရက်နေ့ နေ့လယ်ပိုင်းအထိ ရှာဖွေနေဆဲဖြစ်ကြောင်း သိ၇သည်။
ဇူလိုင်လ ၅ ရက်နေ့၊ နေ့လယ်ပိုင်းကလည်း ရမ်းဗြဲမြို့နယ် ကလိန်တောင်မြစ်တွင် စက်လှေတစ်စီးနစ်မြုပ်ရာမှ အသက် (၂၀)အရွယ် အမျိုးသမီးငယ်တစ်ဦး သေဆုံးသွားပြီး နှစ်ဦးပျောက်ဆုံးနေကြောင်း သိ၇သည်။
(ဓာတ်ပုံ- ကလိန်တောင်မြစ်အတွင်း စက်လှေနစ်၍ ပျောက်ဆုံးနေသူ ၂ ဦးကို ရမ်းဗြဲမြို့နယ်မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီမှူး ဦးဥာဏ်လင်းဦး ဦးဆောင်၍ ရှာဖွေနေစဉ်/ Rakhine fire Force)