ကျောက်တော်မြို့နယ်တွင် လူငယ်တစ်ဦးရေနစ်မြုပ်ပြီး ဆေးရုံတွင် သေဆုံး


သိန်းဇော်(မောင်တော)
စစ်တွေ၊ ဇူလိုင် ၁၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်တွင် ယနေ့ လူငယ်တစ်ဦး ရေနစ်မြုပ်ပြီး ကျောက်တော်ဆေးရုံပို့ဆောင်ရာ ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း သတင်းရရှိသည်။

ရေနစ်သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ်၊  ကျောက်တစ်လုံး ကျေးရွာအုပ်စု ဘူးသီးတောင်ကျေးရွာ မှ ဦးမောင်ကြီးရှင်၏သား မောင်စိုးမင်းနိုင် (၁၆)နှစ်ဖြစ်သည်။

ဖြစ်စဉ်မှာ ယနေ့ နေ့လယ် ၂နာရီ ၄ဝခန့်က သရက်တပင် မှ ရွှေတလဲ ကျေးရွာဘက်သို့ ရေမြုပ် နေသည့် ချောင်းကူး တံတားမှ ဖြတ်ကူးစဉ် ရေစီးအားဖြင့် မျောပါသွားကြောင်း၊ ရေနှင့် မျောပါသွားပြီးနောက် မိနစ် ၂ဝ ခန့်တွင်ရှာဖွေတွေ့ရှိပြီး သရက်တပင် ရွှေဂရုဏာသွေး လှူရှင်များအသင်း ကားဖြင့် ကျောက်တော်ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း ရွှေဂရုဏာ သွေးလှူရှင်များအသင်း ဥက္ကဋ္ဌ ကိုဘိုအောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ရွှေဂရုဏာသွေးလှူရှင်များအသင်း ဥက္ကဋ္ဌ ကိုဘိုအောင်က “ ရေနဲ့မျောပါသွားလို့ ကျနော်တို့ ရှာတွေ့တဲ့အချိန်မှာ နှလုံးတွေ သွေးခုန်နှုန်းတွေက အလုပ်လုပ်နေသေးတယ်။ သတိတော့ မရဘူးပေါ့။ ကျနော်တို့ ရွှေဂရုဏာသွေးလှူရှင်အသင်းက အရေးပေါ်ကူညီပို့ဆောင် ပေးလိုက်တယ်။ ကျောက်တော် ဆေးရုံမှာ သေဆုံးသွားတာပါ” ဟု ပြောသည်။

အဆိုပါ ရေနစ်မြုပ် သေဆုံးသွားသူသည် ၄င်းနှင့် တစ်ရွာတည်းနေ ဦးသာအေးမောင်ဆိုသူ သရက်တစ်ပင်ကျေးရွာ၌  ဖွင့်လှစ်ထားသည့် သံပန်းသံဇကာ စတီး ဝက်ရှော့တွင် အလုပ်လုပ်နေသူတစ်ဦးဖြစ်ကြောင်း ၊ အလုပ် လုပ်နေသည်မှာ တစ်နှစ်ကျော်ကြာခဲ့ပြီးဖြစ်ကြောင်း ဦးသာအေးမောင်၏ ပြောကြားချက်အရ သိရသည်။

“ဘယ်လိုဖြစ်တယ်ဆိုတာ ကျနော်လည်း အတိအကျမသိဘူး။ အလုပ် မလုပ်တာ တစ်ပတ်လောက်ရှိပြီဆိုတော့ ကျနော်လည်းအိမ်မှာပါ။ ကျနော်ကြားတာက ရေသွားကစားတာကနေဖြစ်တယ်လို့ သိရပါတယ်” ဟု ဦးသာအေးမောင်က ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး အသေးစိတ်သိရှိရန် သရက်တပင်ရဲစခန်းသို့ ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မရရှိခဲ့ပါ။

ရေနစ်သေဆုံးသွားသည့် အဆိုပါ လူငယ်အား ကျောက်တော်ဆေးရုံမှ ကျောက်တစ်လုံးကျေးရွာအုပ်စု ဘူးသီးတောင်ကျေးရွာသို့ ပြန်လည် သယ်ယူသွားကြောင်း မိသားစုဝင်များ ပြောကြားချက်အရ သိရသည်။

Share: