သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မအီမြို့တွင် ထမင်းပေါင်းအိုးပေါက်ကွဲ၍ ကိုရင်တစ်ပါးနှင့်အမျိုးသမီးနှစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ သြဂုတ် ၂၀၁၉
  • | ကြည့်ရှုသူ: 8.9k

ချစ်အိလှိုင်
နိရဥ္စရာ၊ သြဂုတ် ၂၉/၂ဝ၁၉

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ် မအီမြို့တွင် ဥပုသ်ဆွမ်းချက်ရာမှ ဘွိုင်လာအိုး(ထင်းမီးပေါင်းအိုး) ပေါက်ကွဲပြီး ကိုရင်တစ်ပါးနှင့်အမျိုးသမီးနှစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။

သေဆုံးသူများမှာ မအီမြို့၊ အမှတ်(၂)ရပ်ကွက်မှ ဒေါ်မချေ (အသက်-၆၁နှစ်) ၊ အမှတ်(၁)ရပ်ကွက်မှ ဒေါ်စိန်မဦး (အသက်-၆၈နှစ်)နှင့် အမှတ်(၃) ရပ်ကွက် ၊ ရတနာ့မာန်အောင်တောရ ဓမ္မာ့ရိပ်သာ ဘုန်တော်ကြီးကျောင်း ကိုရင် ဝရနန္ဒ(အသက်-၁၄နှစ်၊ ဝါတော် ၁နှစ်)တို့ဖြစ်သည်။

ဒဏ်ရာ ရသူများမှာ အမှတ်(၃)ရပ်ကွက်မှ ဒေါ်မအုန်းနု (အသက်-၅ဝနှစ်)နှင့် အထက်ပါဘုန်းတော်ကြီးကျောင်းမှ ကိုရင်ခေမာနန္ဒ(အသက်-၁၅နှစ်၊ဝါတော် ၁နှစ်) နှင့် ကိုရင်ပညာသာရ(အသက်-၁၄နှစ်၊ ဝါတော် ၁နှစ်)တို့ဖြစ်သည်။

ယနေ့ သြဂုတ်လ ၂၉ ရက်နေ့ နံနက် ၈ နာရီ ၁၅ မိနစ်အချိန်တွင် မအီမြို့ အမှတ်(၃) ရပ်ကွက် ၊ ရတနာ့မာန်အောင် တောရ ဓမ္မာ့ရိပ်သာ ဘုန်တော်ကြီးကျောင်းတွင် ဆွမ်းချက်ဆောင်၌ဥပုသ်ဆွမ်းချက်ရာမှ ဘွိုင်လာအိုး (ထင်းမီးပေါင်းအိုး) ပေါက်ကွဲသွားသည့်အတွက် ယခုကဲ့သို့ သေဆုံးဒဏ်ရာရရှိခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

မအီမြို့ အုပ်ချူပ်ရေးမှူး ဦးကျော်ဘုက  “မနက်က အခင်းဖြစ်ပွားတဲ့နေရာမှာပဲ ကိုရင်တစ်ပါးနဲ့ အမျိုးသမီး တစ်ဦး ပွဲချင်းပြီးသေပါတယ်။ နောက် ဒေါ်စိန်မဦးကို အမ်းမြို့့နယ် ဆေးရုံကိုတင်ပါတယ်။ ဆေးရုံရောက်တော့ ဒေါ်စိန်မဦးက ၁၁ နာရီလောက်က ဆုံးသွားတာပါ” ဟု နိရဥ္စရာသို့ပြောသည်။

သေဆုံးသွားသူများတွင် မျက်လုံးများနှင့် ခြေထောက်တို့တွင် ထိခိုက်ဒဏ်ရာများဖြင့်သေဆုံးသွားခြင်းဖြစ်သည်။

ဒဏ်ရာရရှိသွားသူများအနက် ဒေါ်မအုန်းနုတွင် ယာနားထင် ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ကိုရင်ခေမာနန္ဒတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ကိုရင် ပညာသာရတွင် ဝဲဘက်ပါး ပေါက်ပြဲဒဏ်ရာတစ်ချက်၊ ယာခြေသလုံး ရေနွေးပူလောင်ဒဏ်ရာများရရှိခဲ့ကြောင်းလည်း သိရသည်။

“ထင်းမီးပေါင်းအိုးက ရေနွေးငွေ့နဲ့ ချက်ရတာပါ။ လှောင်ထားတဲ့အငွေ့က များလာပြီး ပွင့်ထွက်သွားတာပါ။ နေရာမှာတွင် ပွဲချင်းပြီးသေတာပါ။ အမ်းဆေးရုံရောက်မှ တစ်ယောက်ထပ်သေတာပါ။ ကျွန်တော်တို့ဘေးနားတင်ပါပဲ။ စိတ်မကောင်းစရာပါ”ဟု မအီမြို့ ဒေသခံ ဦးထွန်းကြည်က ပြောသည်။

ဒဏ်ရာရသူများသည် မအီမြို့ပြည်သူ့ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်းလည်း သိရသည်။

ဆက်စပ် သတင်းများ