ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် အမည်မသိ ပုပ်ပွနေသော အလောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၁ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 2k

ချစ်အိလှိုင်
နိရဥ္စရာ၊ စက်တင်ဘာ ၁၁/၂ဝ၁၉

ရခိုင်ပြည်နယ်ရှိ အမ်းမြို့နယ်တွင် ယမန်နေ့က အမည်မသိ အလောင်းတစ်လောင်းအား ပုပ်ပွ၍ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ အလောင်းအား စက်တင်ဘာ ၁ဝ ရက်နေ့ နေ့လယ် ၃ နာရီကျော်ခန့်တွင် အမ်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီးအကြားရှိ အမ်းမြို့နယ်အပိုင် ပျဉ်းတော ကျေးရွာအုပ်စု၊ ကံမြင့်ကံကျေးရွာ အနီးရှိ ချောက်အတွင်းချောင်းစပ်နားတွင် ကံမြင့်ကံကျေးရွာသားများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း အမ်းမြို့မရဲစခန်းမှ သိရသည်။

အမ်းမြို့မရဲစခန်းမှ တာဝန်ရှိသူက “ကျနော်တို့ကို အလောင်းတစ်လောင်း ချောက်ထဲမှာတွေ့တယ်လို့ ကျေးရွာသားတွေ ဖုန်းနဲ့ အကြောင်းကြားလာလို့ ကျနော်ဆက်သွယ်တော့ နာရေးကူညီမှုကားက အလောင်း သယ်သွားပြီလို့ သိရတယ်။ အမ်းမြို့နယ် ဆေးရုံကိုစစ်ဆေးဖို့သယ်လာပါတယ်။ အလောင်းက ပုပ်ပွနေပြီဖြစ်လို့ ဘယ်သူဘယ်ဝါ မသိရသေးပါဘူး။ ဆက်လက် စုံစမ်းဆဲပါ”ဟု နိရဥ္စရာ သတင်းဌာနအားပြောသည်။

အဆိုပါ  အလောင်းမှာ အမျိုးသားအလောင်းဖြစ်ပြီး အဝတ်စားများ မပါရှိဘဲ အမ်းမြို့နယ်ရှိ သဘာဝဓာတ်ငွေ့ ပိုက်လိုင်းပေါ်တွင်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အမ်းမြို့နယ် ပျဉ်းတော ကျေးရွာအုပ်စု အမ်းတောင် အုပ်ချုပ်ရေးမှူးက “ အလောင်းတွေ့တာတော့ဟုတ်ပါတယ်။ ကျနော်တော့ သွားမကြည့်လိုက်ပါဘူး။ နာရေးကားက အလောင်းလာသယ်သွားတယ်ပြောပါတယ်” ဟုပြောသည်။

အမ်းမြို့နယ် မဲလက်မောင်းကျေးရွာနှင့် သဲကမ်းထောင်ကျေးရွာ မှ လူ ၂ ဦးနှင့် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့မှ လူတစ်ဦးတို့  စက်တင်ဘာလ ၉ ရက်နေ့က ခေါင်းဖြတ် အသတ်ခံခဲ့ရပြီး ကျူးလွန်သူအား ရဲတပ်ဖွဲ့က စုံစမ်း ရှာဖွေနေကြောင်း သိရသည်။

ဆက်စပ် သတင်းများ