ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

အမ်းမြို့နယ် ရူးစံပြကျေးရွာတွင် အမျိုးသားတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၄ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 5.1k

မာန်ယုကျော် (ရွှေဝမြေ)
စစ်တွေ၊ စက်တင်ဘာ ၁၄/၂ဝ၁၉

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ရူးစံပြကျေးရွာတွင် ယနေ့ညနေပိုင်းက ဒေသခံအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံလိုက်ရကြောင်း သိရသည်။

သေနတ်ဖြင့် ပစ်သတ်ခံရသူမှာ ရူးစံပြကျေးရွာရှိ အထကကျောင်းဘေးတွင်နေထိုင်သူ ဦးမျိုးနိုင် (၄၅ နှစ်ခန့်)ဖြစ်သည်။

သူသည် ယနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ ညနေ ၇ နာရီခွဲခန့်က မိသားစုနှင့်အတူ ထမင်းစားနေစဉ် သေနတ်သမားတစ်ဦးက အိမ်ထဲသို့ လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း အမ်းမြို့နယ် မဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေးက နိရဥ္စရာကို ပြောသည်။

"၇ နာရီခွဲလောက်မှာ သူတို့ မိသားစု ထမင်းစားနေတဲ့အချိန် လက်နက်ကိုင်ထားတဲ့လူတစ်ယောက်က အဲလို လုပ်ကြံသွားခဲ့တာလို့ သိရပါတယ်။ ပွဲချင်းသေတယ်လို့ ကြားပါတယ် "ဟု ဦးခင်မောင်ဌေးက ဆိုသည်။

ဦးမျိုးနိုင်မှာ သေနတ်ဖြင့်လုပ်ကြံခံရမှုကြောင့် သေဆုံးသွားခဲ့သော်လည်း သေနတ်ဒဏ်ရာမည်သည့်နှစ်ချက်ဖြင့် ထိမှန်သေဆုံး သွားသည်ဆိုသည်ကို ဒေသခံများနှင့် အဆက်အသွယ်မရရှိသေး၍ နိရဉ္စရာက သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။
သေနတ်ဖြင့် လုပ်ကြံခံခဲ့ရသူသည် ယခင်က ရူးကျေးရွာနှင့် ကျောက်ဖြူမြို့သို့ စက်လှေလိုင်းဆွဲခြင်းအလုပ်ကို လုပ်ကိုင်ခဲ့သူဖြစ်ပြီး လက်ရှိတွင် ရူးကျေးရွာ၌ မွေးမြူရေးလုပ်ကိုင်နေသူဖြစ်ကြောင်းလည်း သိရသည်။

စက်တင်ဘာလ ၉ ရက်နေ့ညကလည်း အမ်းမြို့နယ် မဲလက်မောင်းကျေးရွာမှ ဦးခိုင်ဆိုသူသည် သူ၏နေအိမ်တွင် မိသားစုနှင့်အတူ အိပ်နေစဉ် အမည်မသိသူတချို့က ဓားဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယင်းနေ့ညတွင်ပင် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့တွင်လည်း ကမ်းထောင်းကြီးမြို့ခံ ဦးညီညီထွေးနှင့် အမ်းမြို့နယ် သဲကမ်းထောင်းကျေးရွာမှ ဦးမောင်လုံးတို့နှစ်ဦးသည် ခေါင်းဖြတ်အသတ်ခံခဲ့ရသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဆက်စပ် သတင်းများ