ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မောင်တောမြို့တွင်၊နေအိမ်တစ်လုံးမှ စိတ်ကြွဆေးပြား သုံးသိန်းကျော် ဖမ်းမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၃ စက်တင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 301

သိန်းဇော်(မောင်တော)
စစ်တွေ၊ စက်တင်ဘာ ၂၃/၂ဝ၁၉

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် နေအိမ်တစ်အိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား သုံးသိန်းကျော်အား ဖမ်းဆီးရမိသည်ဟု သတင်းရရှိသည်။

စက်တင်ဘာလ ၂၂ ရက်နေ့တွင် သတင်းအရ  သဲချောင်းကျေးရွာနေ မရာစ်မင်(၅၁)နှစ် နေအိမ်အား ပြင်ဖြူနယ်မြေရဲကင်းစခန်းမှ နယ်ခြားစောင့်ရဲများက မူးယစ်ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေခဲ့ရာ ထိုသို့ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း မောင်တောမြို့ မူးယစ်ရဲ တပ်ဖွဲ့မှ ရဲမှူး သောင်းမြင့်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“နယ်မြေခံဖြစ်တဲ့ ပြင်ဖြူနယ်ခြားစောင့်ရဲတွေက သူတို့သတင်းနဲ့ သူတို့ဖမ်းတာပါ။ ကျနော်တို့ကတော့ ပူးပေါင်းပြီး သွားတာပါ။ သူတို့ဟာ သူတို့ဖမ်းတယ်။ သူတို့ဟာသူတို့တရားလိုလုပ်ပြီး အမှုဖွင့်တာပါ။ ဖမ်းဆီးရမိတာက မှန်ပါတယ်” ဟု ရဲမှူး သောင်းမြင့် က ပြောသည်။

သတင်းအရ သွားရောက်ရှာဖွေစဉ် ခြံဝင်းအတွင်း ပလတ်စတစ်အိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွမူးယစ်ပြား( ၃၅၁ဝဝဝ) ပြားကို ဖမ်းဆီးရမိခဲ့ပြီး ၎င်းဆေးပြားများ၏ ကာလတန်ဖိုးမှာ ကျပ်သိန်း(၇ဝ၂ဝ) ဖိုးရှိကြောင်း ရဲမှူးက ပြောကြားသည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့် ပတ်သက်ပြီး စိတ်ကိုပြောင်းလဲစေသည့် မူးယစ်ဆေးဝါးဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့် အရေးယူထားပြီး ကွင်းဆက်များကို ဖော်ထုတ်စစ်ဆေး လျက် ရှိကြောင်း သိရသည်။
ဓာတ်ပုံ- ပြည်ထဲရေး

ဆက်စပ် သတင်းများ