သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ်တွင် ဒေသခံတစ်ဦး မိုင်းနင်းမိ၍သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဒီဇင်ဘာ ၂၀၁၉
  • | ကြည့်ရှုသူ: 7.2k

ဆောင်းဇာခြည်
နိရဥ္စရာ၊ ဒီဇင်ဘာ ၁၇ / ၂ဝ၁၉

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ကျောင်းတောင်ကျေးရွာမှ ဒေသခံတစ်ဦးသည် ယနေ့ နေ့လယ်ပိုင်းက မိုင်းနင်းမိ၍ သေဆုံးသွားကြောင်း သတင်းရရှိသည်။

သေဆုံးသူမှာ ကျောင်းတောင်ကျေးရွာမှ ဦးစောညွန့်နှင့် ဒေါ်မသိန်းခင်တို့၏သား ဦးမောင်မြင့်ဦး (၄၂) နှစ်ဖြစ်သည်။

၄င်းသည် ယနေ့ နေ့လယ် ၂ နာရီခွဲခန့်က နေအိမ်မှ ၄င်း၏ စိုက်ပျိုးခင်းသို့သွားရာ စိုက်ပျိုးခင်းအတွင်း သွားစဉ် မိုင်းနင်းမိ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း ကျောင်းတောင်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

“သူတို့ရဲ့ ဘိုးဘေးပိုင် ဥယျာဉ်မြေပေါ့နော်။ အဲဒီထဲမှာ မိုင်းပေါက်ပြီး ပွဲချင်းပြီး သေတာပါ။ ခြေထောက်တစ်ဖက် ပြတ်သွားပါတယ်။ တစ်ကိုယ်လုံးလည်း မိုင်းထိထားတဲ့ ဒဏ်ရာတွေနဲ့ပါ။ မိုင်းအမျိုးအစားကိုတော့ ကျွန်တော်တို့ မသိဘူးပေါ့နော်။ သူက အဲဒီဥယျာဉ်ကို သွားနေကျပါပဲ။ ဒီနေ့မှ ဖြစ်တာပါ။” ဟု ကျောင်းတောင်ကျေးရွာမှ ဒေသခံတစ်ဦးက နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး ကျောင်းတောင်ကျေးရွာအုပ်ချုပ်ရေးမှူးအား နိရဥ္စရာမှ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါ။

ရခိုင်ပြည်နယ်တွင် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလမှ ယခုလအစောပိုင်းအထိ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ ၁၅ ဦးရှိပြီး ၅၇ ဦး ဒဏ်ရာရကာ  ယင်းအနက် ၁၅ ဦးဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး၏ စာရင်းအရ သိရသည်။

----------------------------

Unicode



နိရဉ်စရာ၊ ဒီဇငျဘာ ၁၇ / ၂ဝ၁၉







ဆက်စပ် သတင်းများ