မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ ဇန်နဝါရီ ၁၃ / ၂၀၂၀
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မွန်ထောက်ကျေးရွာအနီး ကုလားတန်မြစ်ကမ်းတွင် ဦးခေါင်းပြတ်နေသည့် အမည်မသိ အမျိုးသမီးတစ်ဦး၏အလောင်းတစ်လောင်းအား တွေ့ရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါအလောင်းအား ကျောက်တော်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စု ကျော်ရွှီပြင်ကျေးရွာနှင့် မွန်ထောက် ကျေးရွာအကြား မွန်ထောက်ကျေးရွာစာသင်ကျောင်းအနီးရှိ ကုလားတန်မြစ်ကမ်းတွင် ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် ရ နာရီခန့်မှစတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
"ကျနော်တို့ရွာရဲ့ အထက်ဘက်မှာ ဝါးရုံလေးတစ်ခုရှိပါတယ်။ အဲဒီနားလေးမှာ တွေ့တာပါ။ အလောင်းကတော့ အမျိုးသမီးရဲ့အလောင်းပါပဲ။ ဦးခေါင်းမပါဘူး။ အဝတ်လည်းမပါဘူး။ ရင်ဘတ်ကိုလည်း ခွဲစိပ်ပြီးတော့ ဗိုက်တွေ မှာလည်း ထိုးသွင်းဒဏ်ရာတွေပါပါတယ် "ဟု မွန်ထောက်ကျေးရွာမှ ရပ်မိရပ်ဖ ဦးစံသာမောင်က နိရဥ္စရာသို့ ပြောသည်။
အဆိုပါအလောင်းကို ပက်လက်အနေအထားအတိုင်းတွေ့ရှိခြင်းဖြစ်ပြီး အလောင်းမှာ မည်သူမည်ဝါ ဖြစ်သည်ဆိုသည်ကို မသိရှိရသေးဟုလည်း ပြောကြသည်။
ကျောက်တော်မြို့နယ် ကျောက်တန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစောမြအောင်ကလည်း "အလောင်းတွေ့တာ မှန်ပါတယ်။ ဘယ်သူဘယ်ဝါဆိုတာလည်း မသိဘူး။ ဘာကြောင့်မျောလာလည်း အတိအကျပြောဖို့လည်း ခက်တယ်လေ။ ဒီရေအကျနဲ့ ပလက်၀ဘက်ကနေ မျောလာတာလည်း ဖြစ်နိုင်ပါတယ်။"ဟု နိရဥ္စရာကို ပြောသည်။
အလောင်းတွေ့သည့်ကျေးရွာအနီးတဝိုက်တွင် အမျိုးသမီးများ ပျောက်ဆုံးနေခြင်းမရှိဟုလည်း ဒေသခံများက ပြောသည်။
လက်ရှိတွင် အဆိုပါအလောင်းသည် ယင်းနေ့ ညနေ ၆ နာရီခန့်အထိ မွန်ထောက်ရွာ စာသင်ကျောင်း အနီးရှိနေသေးသည့်အတွက် ဆရာ၊ ဆရာမများ စိုးရိမ်ကြောက်လန့်နေကြသည်ဟုလည်း သိ၇သည်။
------------------------
Unicode: