ဗုဒ္ဓဟူး၊ ဧပြီလ ၂၄ရက်၊ ၂၀၂၄

ငပလီမြို့ ဂျိတ္တောရပ်ကွက်တွင် နေအိမ်တစ်လုံးမီးလောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဇန်နဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 8.9k

သန့်မြတ်ခိုင်
စစ်တွေ၊ ဇန်နဝါရီ ၁၈/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ငပလီမြို့၊ ဂျိတ္တောရပ်ကွက်တွင် ယနေ့ လူနေအိမ်တစ်လုံး မီးလောင်သွားခဲ့သည်။

မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ်မှာ ဂျိတ္တောရပ်ကွက်မှ စံရှား(ခေါ်) နိုင်မင်းထွန်း နေအိမ်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုမှာ ယနေ့နံနက် ၉ နာရီ ၁ဝ မိနစ်ခန့်က စတင်လောင်ကျွမ်းခဲ့ကြောင်း ဂျိတ္တောရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ထွန်းက  နိရဥ္စရာသို့ပြောသည်။
 
“မီးသတ်ကို ဖုန်းဆက်ပြီးတာနဲ့ ၁ဝ မိနစ် ၁၅ မိနစ်လောက်ပဲ ကြာတယ်။ ချက်ချင်းရောက်လာတယ်။ ငပလီမီးသတ် နဲ့ သံတွဲမီးသတ်ကပါ။ ပထမကတော့ ငပလီမီးသတ်က အရင်ဆုံး ၂ စီးလာတယ်။ နည်းနည်း သိပ်မနိုင်ဘူးထင်လို့ သံတွဲမီးသတ်ပါ ထပ်ရောက်လာတာပေါ့” ဟု ဦးဇော်ဇော်ထွန်းက ပြောသည်။

သံတွဲမြို့နယ် မီးသတ်စခန်း နှင့် ငပလီနယ်မြေခံ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့များက ပူးပေါင်းပြီး မီးသတ်ကား (၃)စီး ရေသယ်ယာဉ်(၁)စီး စုစုပေါင်း ၄ စီးဖြင့် လာရောက်ငြိမ်းသတ်ခဲ့ရကြောင်း ဂျိတ္တောရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ထွန်းက ဆက်ပြောသည်။

“မီးလောင်တာက နေအိမ်မှာရှိတဲ့ ဘုရားကျောင်းဆောင်မှာ ဘုရားမီးပူဇော်ထားတဲ့ ဖလောင်းတိုင်ကနေ ဘုရားမီးပန်း ဝါယာကြိုးကိုလောင်တယ်။ အဲဒီကနေတဆင့် ဝါးနံရံကိုကူးစက်လောင်တာပါဗျ။ နေအိမ်က တစ်လုံးတည်းပဲ လောင်တာပါ” ဟု သံတွဲမြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နေအိမ် မီးလောင်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ ၃ သိန်းကျပ် ရှိကြောင်း၊ ထိုမီးလောင်မှုကြောင့် လူနေအိမ်တစ်လုံး ဆုံးရှုံးခဲ့ရပြီး လူ/တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိ ကြောင်းလည်း သံတွဲမြို့နယ် မီးသတ်စခန်းမှ သိရသည်။

 မီးလောင်မှုဖြစ်ပွားခဲ့သည့် နေအိမ်ပိုင်ရှင်အား ဂျိတ္တောနယ်မြေရဲစခန်းမှ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သံတွဲမြို့နယ် မီးသတ်စခန်းမှ အရာရှိတစ်ဦးထံမှ သိရသည်။

ဓာတ်ပုံ - Rakhine Fire Force

---------------------------
Unicode:






 





ဓာတျပုံ - Rakhine Fire Force

ဆက်စပ် သတင်းများ