ချစ်အိလှိုင်
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၁၆/ ၂၀၂၀
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဆင်ခုံးတိုင်ကျေးရွာတွင် ဆီကားတစ်စီးချောက်ထဲ ထိုးကျသွား၍ ယာဉ်မောင်းဖြစ်သူမှာ သေဆုံးသွားခဲ့သည်ဟု သတင်းရှိသည်။
သေဆုံးသူ ယာဉ်မောင်းမှာ မင်းဘူးမြို့နယ်၊ ထောက်ရှာပင်ကျေးရွာမှ ကိုဖြိုးဝေအောင်(၃၃)နှစ် ဖြစ်ကြောင်း အမ်းမြို့မရဲစခန်းမှ တစ်ဆင့် သိရသည်။
၎င်းဆီတင်ကားသည် ဖေဖော်ဝါရီ ၁၅ရက်နေ့ နံနက်စောစော ၂နာရီခွဲခန့် ညအမှောင်အချိန်တွင် အမ်းမြို့နယ် ဆင်ခုံတိုင်ကျေးရွာအနီး ကုန်းအဆင်းတွင် ပေ ၁၀၀ခန့် နက်သည့် ချောက်သို့ ထိုးဆင်းသွားခဲ့သည်ဟု အမ်းမြို့မရဲစခန်းမှ တာဝန်ရှိသူ ရဲအရာရှိ တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
"စစ်တွေကိုသွားကြတာပါ။ အဲဒီက ဆီဆိုင်တွေကို သွားရောင်းတာလို့ သိရတယ်။ အလောင်းကို ဆေးရုံ ပို့ထားပါတယ်"ဟု ပြောသည်။
သေဆုံးသူတွင် ဝဲဘက်ခြေထောက်ဒဏ်ရာ၊ ညာဘက်ခြေထောက်စုတ်ပြဲ ဒဏ်ရာ ၊ ဦးခေါင်း ချိုစောင်းပဲ့ထွက်ဒဏ်ရာ၊ မျက်နှာစုတ်ပြဲဒဏ်ရာများနှင့် ယာဉ်ဦးခေါင်းတွင် ညှပ်၍ သေဆုံးနေကြောင်း ၎င်းရဲအရာရှိက ဆက်ပြောသည်။
"ယာဉ်နောက်လိုက်တစ်ယောက်ပါသေးတယ်။သူက ကားပေါ်က ခုန်ဆင်းပြီး လွတ်ကျန်ခဲ့တာလို့ သိ၇တယ်။ သတိမေ့ကျန်ခဲ့တာ"ဟု ဆက်ပြောသည်။
၎င်းယာဉ်ပေါ်တွင် ဆီဂါလံ (၄၄၀၀)တင်ဆောင်လာပြီး ၁၂ဘီး(ygn/8322)ကားအမျိုးအစား ဖြစ်ကာ ဖေဖော်ဝါရီ ၁၄ရက်နေ့ ညနေတွင် မင်းလှမြို့၊ သံပုရာကန် ရေနံချက်စက်ရုံမှ ထွက်ခွာ လာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍အမ်းမြို့မရဲစခန်းမှ ယာဉ်(ပ)အမှတ် ၂/၂၀၂၀ / ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)အရ အရေးယူဆောင်ရွက်နေကြောင်း သိ၇သည်။
-------------------------------
Unicode:
နိရဉ်စရာ၊ ဖဖျောဝါရီ ၁၆/ ၂၀၂၀