ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၀ / ၂၀၂၀
ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ စစ်တွေတက္ကသိုလ် ခြံဝင်းအတွင်းရှိ စောသန္တာအမျိုးသမီးအဆောင်မှ ဖုန်း ၁၃ လုံးနှင့် ငွေကျပ် ၁ သိန်းကျော်ခန့် ဖောက်ထွင်းခိုးယူ ခံရသည်ဟု သတင်းရရှိသည်။
ယနေ့နံနက် အစောကြီး ညဉ့် ၄ နာရီ အချိန်လောက်တွင် အခိုးခံရခြင်း ဖြစ်ကြောင်း စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
“ ဖြစ်တာကတော့ မနက် ၄ နာရီလောက်က ဖြစ်တယ်လို့ ပြောတယ်။ စောသန္တာ အမျိုးသမီး အဆောင်က ဖုန်း ၁၃ လုံးနဲ့၊ ငွေတစ်သိန်းကျော်လောက် ဖောက်ထွင်းခံရတယ်။ ဒီလိုမျိုး ဖောက်ထွင်းခံရတာတွေက မရေတွက်နိုင်တော့ဘူး။ မကြာခဏ ဆိုသလိုဖြစ်နေတာ˝ ဟု ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က ဆိုသည်။
စစ်တွေတက္ကသိုလ်ကျောင်းဝင်းအတွင်း ပြီးခဲ့သော ဒီဇင်ဘာလကလည်း အရှေ့တိုင်းပညာဌာနမှ ငွေကျပ် သိန်း ၂၀ ကျော် တန်ဖိုးရှိ ပစ္စည်းများအားလည်းကောင်း၊ များမကြာခင် ရက်သတ္တ နှစ်ပတ်လောက်ကလည်း ကျောင်းသားသမဂ္ဂရုံးမှ ရေမော်တာတစ်လုံး ဖောက်ထွင်း ခိုးယူ ခံရသည်ဟု စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂအဖွဲ့မှ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
“ ရခိုင်ပြည်နယ်ရဲ့ အကြီးဆုံး တက္ကသိုလ်တစ်ခုမှာတောင်မှ ဒီလိုမျိုး လုံခြုံရေး ညံ့ဖျင်းနေရင် ကျနော်တို့ ကျောင်းသား၊ ကျောင်းသားတွေ အနေနဲ့ ကျောင်းသားအဆောင်တွေမှာ ဘယ်လို မျိုးနေရမှာလဲ။ ပြီးတော့ မနက်က ဖြစ်တဲ့ကိစ္စက ပိုပြီးတော့ ကြောက်ဖို့ကောင်းတယ်။ မိန်းကလေး အဆောင်ကို သူခိုးဝင်တယ်ဆိုတာ။ မတော်လို့ တစ်ခုခုဖြစ်သွားရင် ဘယ်သူတာဝန် ယူမှာလဲ” ဟု ကိုတိုးတိုးအောင်က ပြောဆိုသည်။
လုံခြုံရေးကိစ္စနှင့် ပတ်သက်ပြီး ဆန္ဒလည်း နှစ်ခါပြထားကြောင်း၊ စာအားဖြင့် နှုတ်အားဖြင့်လည်း သက်ဆိုင်ရာ တာဝန်ရှိသူများကို တင်ပြထားရှိပြီးဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
----------------------------
Unicode:
နိရဉ်စရာ၊ ဖဖျောဝါရီ ၂၀ / ၂၀၂၀