အင်္ဂါ၊ ဧပြီလ ၁၆ရက်၊ ၂၀၂၄

မြောက်ဦးမြို့တွင် ဘေးတွဲဆိုင်ကယ်မောင်းသူ တစ်ဦးပျောက်ဆုံးနေ၍ မိသားစုများ စိုးရိမ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဖေဖော်ဝါရီ ၂၀၂၀
  • | ကြည့်ရှုသူ: 5.5k

ထွန်းခိုင် (တောင်ရင်းကျွန်း)
နိရဥ္စရာ၊ ဖေဖော်ဝါရီ ၂၂ /၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဝမ်းတီးရပ်ကွက်နေ ဘေးတွဲဆိုင်ကယ် အငှားမောင်းသူတစ်ဦးသည် ဖေဖော်ဝါရီလ ၂ဝ ရက်နေ့ကတည်းက ပျောက်ဆုံးနေ၍ စိုးရိမ်နေကြသည်ဟု ပျောက်ဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်မအောင်ကြည် က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါ ပျောက်ဆုံးနေသူမှာ မြောက်ဦးမြို့ပေါ်၊ ဝမ်းတီးရပ်ကွက်တွင် နေထိုင်သူ ဦးကျော်သန်း အသက် (၅၅) နှစ် ဖြစ်ပြီး ၄င်းမှာ ဖေဖော်ဝါရီ ၂ဝ ရက် နံနက် ၁၁နာရီခွဲ အချိန်လောက်က ကျောက်တွင်းကုန်းကျေးရွာမှ မိမိနေအိမ်သို့ ပြန်လာစဉ် လမ်းခရီးတွင် ပျောက်ဆုံးသွားခြင်း ဖြစ်သည်ဟု ပြောသည်။

" ကျမယောကျာ်းက မနေ့က ကျောက်တွင်းကုန်းကို ဟင်းသယ်ဖို့ သွားတယ်။ အိမ်ကိုထမင်းစားဖို့ မရောက်လို့ ကျမတို့က ကျောက်တွင်းကုန်းက ဟင်းပိုင်ရှင်ကို ဖုန်းဆက်မေးကြည့်တော့  မနက် ၁၁နာရီခွဲ အချိန်လောက်ကတည်းက ပြန်သွားပြီလို့ ပြောတယ်။ အခုဘယ်ကိုရောက်သွားတယ်၊ ဘယ်အဖွဲ့အစည်းကဖမ်းသွားတယ် ဆိုတာကိုလည်း ကျမတို့လည်း စုံစမ်းလို့မရဘူး ဖြစ်နေတယ် ˝ဟု ဒေါ်မအောင်ကြည်က ပြောသည်။

ပျောက်ဆုံးသွားသူတွင် ဒသမတန်းကျောင်းသူ သမီးတစ်ယောက်ရှိပြီး၊ သမီးဖြစ်သူမှာ ဖခင်ပျောက်ဆုံး၍ ကျောင်း မတက်ဘဲ ဖြစ်နေကြောင်း ပျောက်ဆုံးသူ၏ ဇနီးမှ ဆက်၍ ပြောသည်။

" ကျမတို့မှာ ဆယ်တန်းသင်နေတဲ့ သမီးလေးတစ်ယောက်ရှိတယ်။ အခု သူလည်းကျောင်းမတက်ဘဲ ငိုနေတယ်။ ကျမယောကျာ်းတစ်ခုခုဖြစ်သွားလို့ရှိရင် ကျမတို့ သားအမိနှစ်ယောက်လည်း အဆိပ်စားပြီး သေတော့မယ်။ ကူညီ ရှာပေးကြစေလိုပါတယ် ˝ဟု ပျောက်ဆုံးသူ၏ ဇနီးဖြစ်သူ ဒေါ်မအောင်ကြည်က နိရဥ္စရာ သတင်းဌာနသို့ ဆက်လက်၍ ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ မြောက်ဦးမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်အား  နိရဥ္စရာသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သော်လည်း သူ့အနေဖြင့် အဆိုပါကိစ္စကို မသိရသေးကြောင်း ဖြေကြားခဲ့သည်။

------------------------------------


နိရဉ်စရာ၊ ဖဖျေောဝါရီ ၂၂ /၂ဝ၂ဝ









ဆက်စပ် သတင်းများ