မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ မတ် ၃ / ၂၀၂၀
ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ ကုလားတန်မြစ်ကမ်းစပ်တွင် ဆာလာအိတ်ဖြင့် ထုပ်ထားသည့် အမည်မသိ လူသေလောင်းတစ်လောင်းကို ယမန်နေ့က တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါအလောင်းအား ကျောက်တော်မြို့ ကမ်းနားလမ်းရှိ ဦးဥတ္တမပန်းခြံရှေ့ ကုလားတန် မြစ်ကမ်းစပ်တွင် မတ်လ ၂ ရက်နေ့၊ နေ့လယ် ၂ နာရီခန့်၌ မြို့ခံများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
"သူ့ကို ဆာလာအိတ်နဲ့ ထုပ်ပြီး လက်တွေ၊ ခြေတွေကိုလည်း ကြိုးနဲ့တုပ်ထားတယ်။ မျက်နှာ တစ်ခုလုံးနဲ့ တစ်ခန္ဓာလုံး စုတ်ပြတ်သတ်နေတဲ့ ဒဏ်ရာတွေလည်း ပါပါတယ်"ဟု မြို့ခံတစ်ဦးက နိရဥ္စရာကို ပြောသည်။
အဆိုပါအလောင်းမှာ အသက် ၃၀ နှင့် ၃၅ နှစ်ကြားအရွယ်ရှိ အမျိုးသားအလောင်းဖြစ်ပြီး မည်သူမည်ဝါဖြစ်သည်ဆိုသည်ကို မသိရသေးဟုလည်း ကျောက်တော်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်က နိရဥ္စရာကိုပြောသည်။
"ဘယ်ကအလောင်းလဲမသိရတော့ ပြောရခက်တယ်လေ။ ပုဂ္ဂိုလ်ရေးကိစ္စလား၊ လူမှုရေးကိစ္စတွေလား၊ အမျိုးသားရေးကိစ္စလား ခန့်မှန်းရခက်တယ်"ဟု ဦးမောင်မောင်က ဆိုသည်။
အဆိုပါအလောင်းအား ယင်းနေ့ညနေပိုင်းတွင် မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ရဲတပ်ဖွဲ့ဝင်များက ကျောက်တော်ဆေးရုံရှိ ရင်ခွဲရုံသို့ပို့ဆောင်ပြီးနောက် ကျောက်တော်သုဿာန်တွင် သင်္ဂြိုဟ်ခဲ့သည်ဟု သိ၇သည်။
---------------------------
Unicode: