သန့်မြတ်ခိုင်
စစ်တွေ၊ မတ် ၅/၂၀၂၀
၇ခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် မတ်လ ၁ ရက်နေ့က အမည်မသိ ရုပ်အလောင်း တစ်လောင်းကို တွေ့ရှိခဲ့သလို မတ်လ ၃ ရက်နေ့ကလည်း လူနှစ်ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်များ အသေပစ်ခတ် ဖမ်းဆီးခဲ့သည်ဟု သိ၇သည်။
မတ်လ ၃ ရက်နေ့ နေ့လယ် ၁ နာရီခန့်က မောင်တောမြို့နယ်မြောက်ပိုင်း၊ တောင်ပြိုမြို့၊ သဲချောင်းအနီးတွင် ဘင်္ဂလီ ၂ ဦးကို လုပ်သေနတ်တစ်လက်နှင့် လက်လုပ်မိုင်း ၂ လုံးနှင့်အတူ အသေဖမ်းဆီးရမိကြောင်း၊ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင် များသည် မသင်္ကာဖွယ်ရာ ဘင်္ဂလီ ၂ ဦးအားတွေ့ရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရပ်တန့်စစ်ဆေးရန် ပြုလုပ်စဉ် သေနတ်ဖြင့်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ရာမှ အသေဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း မောင်တောမြို့နယ် ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က နိရဥ္စရာသို့ ပြောသည်။
“နယ်မြေရှင်းလင်းတဲ့အဖွဲ့နဲ့တွေ့တော့ ရပ်ခိုင်းတာ မရပ်ဘဲနဲ့ သူတို့ကစပစ်တာ။ စပစ်တော့ ဒီကပြန်ပစ်တဲ့အချိန်သေသွားတာ။ နေ့ခင်းကပိုင်းလောက်ဖြစ်မယ်နဲ့တူတယ်။ သေနတ်တစ်လက်နဲ့ မိုင်း ၂ လုံးရတယ် ” ဟု ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က ပြောသည်။
တပ်မတော်ကာကွယ်ရေးစစ်ဦးချုပ်ရုံးကလည်း တောင်ပြိုမြို့ အရှေ့တောင်ဘက် မီတာ ၆၀၀၀ ခန့်အကွာတွင် လုပ်သေနတ် လက်လုပ်မိုင်း မူယစ် ဆေးဝါးများနှင့်အတူ ဘင်္ဂလီ ၂ ဦးကို အသေ ဖမ်းဆီး၇မိခဲ့ကြောင်း မတ်လ ၃ ရက်နေ့နေစွဲဖြင့် သတင်းရေးသားဖော်ပြထားသည်။
၎င်းတို့ထံမှ လုပ်သေနတ်တစ်လက်၊ ၁၂ ဗို့ကျည် နှစ်တောင့်၊ ဒေသန္တရနင်းမိုင်းနှစ်လုံး၊ Panasonic ဓာတ်ခဲ အိမ်လေးလုံး၊ ဝိုင်ယာကြိုးများ၊ WY စာတန်းပါ စိတ်ကြွ ရူးသွပ် ဆေးပြား၂၉၅၀၀ ပြား၊ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေ ဖမ်းဆီးရမိခဲ့သည်ဟု ရေးသား ဖော်ပြထားသည်။
မတ် ၁ ရက် မွန်းလွဲ ၁ နာရီခန့်ကလည်း ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ သရက်အုပ် ကျေးရွာ၏ မြောက်ဘက်မီတာ ၅၀၀ ခန့်အကွာရှိ ချောင်းအနီး ကိုင်းတောအတွင်း ဘင်္ဂါလီ အလောင်းတစ်လောင်း တွေ့ ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စ စ်ဆေးရာ ယာဘက်မျက်လုံး ဖူးရောင်ပြတ်ရှဒဏ်ရာ တစ်ချက်နှင့် အပေါ်နှုတ်ခမ်း ပြတ်ရှဒဏ်ရာ တစ်ချက် ပက်လက်အနေအထားဖြင့် သေဆုံးနေသည့် ရုပ်အလောင်းအား တွေ့ရှိခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးစစ်ဦးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
( ဓာတ်ပုံ- တပ်မတော်ကာကွယ်ရေးစစ်ဦးချုပ်ရုံး)
--------------------------------