ချစ်အိလှိုင်
နိရဥ္စရာ၊ မတ် ၁၇ / ၂၀၂၀
၇ခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့ မှန်တောင်( လောင်းချောင်းဖျားတောင်)ပေါ်တွင် မတ်လ ၁၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ခရီးသည်တင် ယာဉ်တိမ်းမှောက်၍ လူ ၂ ဦး သေဆုံးပြီး ၅ ဦးဒဏ်ရာ ရရှိခဲ့ကြောင်းသိရသည်။
သေဆုံးသူများမှာမအီမြို့နယ် ဆံထုံးကျေးရွာမှ ဦးတင်ရွှေ (၄၆)နှစ်နှင့် မောင်ငြိမ်းချမ်း (၂၅)နှစ်တို့ ဖြစ်ပြီး ဒဏ်ရာ ရရှိသူများမှာ ၄င်းကျေးရွာမှ နောက်ထပ် ၅ ဦး တို့ဖြစ်ကြောင်း မအီမြို့မရဲစခန်းမှ စခန်းမှူး ရဲအုပ်ဇော်ဝင်းနိုင်က နိရဥ္စရာသတင်းဌာနအား အတည်ပြု ပြောကြားသည်။
“ကျွန်တော်က လမ်းမှာဖြစ်လို့ သေတဲ့သူနာမည်တွေကို ပြောနိုင်ပေမယ့် ဒဏ်ရာရသူ အတိကျတော့ ပြောလို့အဆင်မပြေဘူး။ အခင်း ဖြစ်တာက ဟုတ်တယ်။ ကားက ဂီယာ ညှပ်ပြီးတော့မှ အောက်ကိုပြန်လျော့ကျတာ။ တောင်အတက်မှာပါ။ အခင်းဖြစ်တဲ့နေရာကို ဒီနေ့ မနက်ကမှကျွန်တော်တို့ဆီက လူတွေသွားတာပါ။ လူနာတွေကို အရပ်ကလူတွေ က မအီဆေးရုံကို ပို့လိုက်ပါတယ်။ ကားဒရိုင်ဘာတော့ ဘာမှ မဖြစ်ဘူးထွက်ပြေးသွားတယ်။ အမှုဖွင့် အရေးယူဖို့ လုပ်ထားပါတယ်”ဟု ရဲအုပ်ဇော်ဝင်းနိုင်က ပြောသည်။
၄င်းယာဉ်မှာ မှန်တောင်ပေါ်သို့ ဝါးခုတ်ရန်သွားရာမှ တောင်အတက်လမ်းတွင် ကားနောက်ပြန် လိမ့်ဆင်း၍ ဦးတင်ရွှေနှင့် မောင်ငြိမ်းချမ်းတို့တွင် ဦးခေါင်း၊ မျက်နှာပေါက်ပြဲ၊ ဝဲခြေသလုံး ကျိုးပဲ့ ဒဏ်ရာများဖြင့် အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ကြောင်း ၎င်းက ပြောသည်။
ကားပေါ်တွင် ဒရိုင်ဘာ အပါအဝင် ၈ ဦးလိုက်ပါလာခြင်း ဖြစ်ကြောင်း သိ၇သည်။
ကားမှာ 5P/ ၆ ဘီးယာဉ် Foland (လိုင်စင်စိစစ်ဆဲ) အမျိုးအစားဖြစ်ပြီး ကားဒရိုင်ဘာဖြစ်သူ ဦးညီခင်ဦး(၃၀)နှစ်မှာ ထွက်ပြေးလွတ်မြောက်သွားသဖြင့် ၄င်းအား မအီမြို့မရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉/၂၀၂( ပေါ့လျော့မှုကြောင့် လူသေဆုံးမှု / ပြင်းထန်/ သာမန်နာကျင်စေမှု / ယာဉ်မဆင်မခြင်မောင်းနှင်မှု/ သတင်းပေးရန်ပျက်ကွက်မှု)ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း ရဲအုပ်ဇော်ဝင်းနိုင်မှသိ၇သည်။
----------------------------
Unicode:
နိရဉ်စရာ၊ မတျ ၁၇ / ၂၀၂၀