ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေမြို့KBZ ဘဏ်ဓားပြတိုက်မှု သုံးဘီးမောင်းသူတစ်ဦးကို ၅ နာရီကြာခေါ်ယူစစ်ဆေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၆ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 4.8k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၁၅/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ကျေးပင်ကြီးရပ်ကွက်ရှိ KBZ ဘဏ်ခွဲ(၂) ဓားပြခံရမှုနှင့် ပတ်သက်ပြီး သုံးဘီးအငှား ယာဉ်မောင်းတစ်ဦးကို ရဲတပ်ဖွဲ့က  (၅) နာရီကြာ ခေါ်ဆောင် စစ်ဆေးခဲ့သည်ဟု သတင်းရရှိသည်။  

၄င်းသုံးဘီးအငှားယာဉ်မောင်းသူမှာ စစ်တွေမြို့၊ ကုန်တန်းရပ်ကွက်မှ ဦးအောင်ဆန်းနိုင်(၃၇) ဖြစ်သည်။

ဓားပြတိုက်ချိန်တွင် ဘဏ်ဘေးနားတွင် သုံးဘီးအငှားယာဉ် ရပ်နားထားခဲ့သဖြင့် ဖမ်းဆီးခေါ်ယူစစ်ဆေးခံရခြင်း ဖြစ်ကြောင်း စစ်ဆေးမေးမြန်းခံရသူ ဦးအောင်ဆန်းနိုင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“ မနေ့က  နေ့လယ် ၁၂ နာရီခန့်မှာ  ရဲတပ်ဖွဲ့ဝင်တွေက စစ်ဆေးမေးမြန်းစရာ ရှိတယ်ဆိုပြီး ကျွန်တော်ကို ဖမ်းပြီး ခေါ်သွားတယ်။ ၅ နာရီကြာ စစ်ဆေးမေးမြန်းခဲ့ပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးလိုက်ပါတယ်” ဟု ၎င်းက ပြောသည်။ 

CCTV ကင်မရာထဲတွင် ၄င်း၏ သုံးဘီးယာဉ်အား KBZ ဘဏ်နားတွင် ရပ်နားထားသည်ကို တွေ့ရှိရာမှ မသင်္ကာဖြစ်ကာ ခေါ်ယူမေးမြန်းခြင်းဖြစ်ကြောင်း သိရသည်။

“  ရဲတာဝန်ရှိသူတွေက အဲဒီနားမှာ ဘာကြောင့်ရပ်တာလဲ၊ ဘာလုပ်ဖို့ရပ်တာလဲ၊ ဆိုတာတွေကို ထပ်ခါ ထပ်ခါမေးတယ်။ ကျွန်တော်လည်း လဖက်ရည်သောက်ဖို့ရပ်တယ်လို့ လေသံမာမာနဲ့ပြန်ပြောမိတော့ ကျွန်တော့ကို လက်ထိပ်ခတ်တယ်။ အဲဒီမှာ ကျွန်တော့ မိသားစုဆွေမျိုးလည်းအနီးနားတွေမှာရှိတော့ ရုန်းရင်း ဆန်ခတ်လို ဖြစ်သွားတယ်။ နောက်ဆုံးပြန်လွှတ်ပေးလိုက်တယ်”ဟုပြောသည်။

ဦးအောင်ဆန်းနိုင်အား လမ်းပေါ်တွင် ဖမ်းဆီးစဉ် ရဲကားနှစ်စီးက ရှေ့ကားတစ်စီး နောက်ကားတစ်စီးဖြင့် ပိတ်ရပ်ပြီး ခေါ်ဆောင်သွားခဲ့သည်ဟုဆိုသည်။ 

ကုန်တန်းရပ်ကွက် ရာအိမ်မှူးဖြစ်၊ ဆွေမျိုးတော်စပ်သူလည်းဖြစ်သူ ဦးသာမောင်က” သူက သူ့မိန်းမ ကျောင်းဆရာမကို သင်တန်းက ကြိုပြီးပြန်အလာ လမ်းမှာ ရဲကားတွေရှေ့မှာ တစ်စီး နောက်က တစ်စီးနဲ့ ပိတ်ရပ်ပြီးခေါ်သွားခဲ့တာ။ ဦးလေးတို့လည်း ရဲစခန်းကို လိုက်သွားသေးတယ်။ရဲစခန်းက လူများတယ် ပြန်ကြပါဆိုလို့ ပြန်လာလိုက်တယ်” ဟုပြောသည်။

စစ်တွေမြို့ KBZ ဘဏ်ခွဲ (၂)  ဇွန်လ ၁ဝ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်က လူ ၄ ဦး ဝင်ရောက် စီးနင်းပြီး ကျပ် သိန်းပေါင်း ၁၈ဝဝ ကို ဓားပြတိုက်ယူသွားခဲ့သည်။ 

အဆိုပါဘဏ်ဓားပြတိုက်ခံရပြီးနောက် ညနေ ၅ နာရီကျော်ခန့် အချိန်တွင် ကိုသိန်းထွန်းနှင့် Hijet ကားပိုင်ရှင် ဦးစိုးမင်းထွန်း(ခ) မင်းမင်းတို့နှစ်ဦးအား  စစ်တွေမြို့ မီးစက်ကြီးခွဆုံတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီး ၄င်းနှစ်ဦးအထဲမှ ကိုသိန်းထွန်းကို ညတွင်းချင်းပြန်လွှတ်ပေးကာ ဦးစိုးမင်းထွန်း(ခ) မင်းမင်းကို ရမန်ယူကာ ဆက်လက် ထိမ်သိမ်းစစ်ဆေးနေကြောင်း သိရသည်။

ယင်းနောက်ပိုင်းတွင်  ဇွန်လ ၁၄ ရက် နံနက် ၉ နာရီခန့်က စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်မှ ဘေးတွဲဆိုင်ကယ်မောင်းသူ ကိုနိုင်နိုင်ဝင်း (၂၆) နှစ်ကို CCTV ကင်မရာထဲတွင် မသင်္ကာသူ လူနှစ်ဦးအား တင်ဆောင်သွားသည်ကိုတွေ့ရှိသဖြင့် စစ်တွေ မြို့မ ရဲစခန်းမှ ဖမ်းဆီး စစ်ဆေးခဲ့ကြောင်း ၄င်းမိသားစုဝင်များက ပြောသည်။


ဆက်စပ် သတင်းများ