သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

ကျောက်ဖြူတွင် အမည်မသိ လူသေအလောင်းတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၇ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 4.7k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ ဇွန် ၁၇/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ မြို့ပြင်တစ်နေရာတွင် ယနေ့နံနက်က အမည်မသိ အလောင်းတစ်လောင်း တွေ့ရှိခဲ့သည်ဟု သတင်းရရှိသည်။

၎င်းအလောင်းအား စေတီယျရပ်ကွက်နှင့် လေယာဉ်ကွင်းအဆုံး ယခင်တောင်ရှည်သို့ သွားသည့်လမ်း အုတ်ခေါင်းအနီးတွင် တွေ့ရှိခြင်း ဖြစ်ကြောင်း လေးဝတီကုလရက္ခိတ - ပရဟိတအသင်း-ကျောက်ဖြူ ဥက္ကဋ္ဌ ကိုဂျပန်ကြီးမှ နိရဥ္စရာသတင်းဌာနသို့ ပြောသည်။ 

“ ကျွန်တော်တို့က အဲဒီအလောင်းကို ရဲစခန်းက အကူအညီတောင်းတဲ့ အတွက် ကားနဲ့ ကျောက်ဖြူခရိုင် ပြည်သူ့ ဆေးရုံကြီးကို ဒီကနေ့ နံနက် ၈ နာရီခွဲက ပို့ဆောင်ပေးခဲ့ပါတယ်။ ဘယ်သူ့အလောင်းဆိုတာတော့ မသိဘူး။ ဦးခေါင်းမှာ သွေးထွက်နေတဲ့ ဒဏ်ရာတစ်ခုတော့ တွေ့ပါတယ်။ အသေးစိတ်ကို ရဲနဲ့ ဆေးရုံကို မေးရင် သိနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။ 

၎င်းမှာ ဒေသခံ အရပ်သားတစ်ဦး ဖြစ်ပုံရသော်လည်း အမည်၊ နေရပ်လိပ်စာကို မသိရှိကြောင်း ပြောကြားသည်။ 

ကျောက်ဖြူ မြို့မရဲစခန်းသို့ ယနေ့ နံနက် ၁၁ နာရီ ၅ မိနစ်က ဆက်သွယ်ရာ “ ဒီမှာ အလုပ် လုပ်နေတယ်။ မအားသေးဘူး” ဟု ဆိုကာ တာဝန်ကျ ရဲအရာရှိမှ ဖုန်းချသွားခဲ့သည်။

ကျောက်ဖြူပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဖိုးစံက “ လူသေအလောင်းတွေ့တာတော့ သတင်းရပါတယ်။ ဘာကြောင့်သေတယ်ဆိုတာတော့ တိတိကျကျ မသိရသေးဘူး။ ဘယ်က လူလည်းဆိုတာလည်း မသိရသေးဘူး” ဟု ပြောကြားသည်။ 

( ဓာတ်ပုံ - လေးဝတီကုလရက္ခိတ - ပရဟိတအသင်း-ကျောက်ဖြူ)

ဆက်စပ် သတင်းများ