ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ဆောက်လုပ်ဆဲတိုက်တစ်ခုအပေါ်ထပ်တွင် ဒဏ်ရာများနှင့်တွေ့ရှိခဲ့ရသည့် ၁၃နှစ်အရွယ် မိန်းကလေးငယ် စစ်တွေမြို့ဆေးရုံတွင်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ ဇွန် ၂၀၂၀
  • | ကြည့်ရှုသူ: 3.4k

အိမ်စိုးဖြူ

နိရဥ္စရာ၊ ဇွန် ၂ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့၌ ယမန်နေ့ နေ့လယ်ပိုင်းက ဆောက်လုပ်ဆဲတိုက်တစ်ခု အပေါ်ထပ် သွေးအိုင်ထဲ၌ ဒဏ်ရာများနှင့် တွေ့ရှိခဲ့သည့် ၁၃ နှစ်အရွယ် မိန်းကလေးငယ်မှာ ယနေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က စစ်တွေဆေးရုံတွင် သေဆုံးသွားပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူမှာ စစ်တွေမြို့ စက်ရုံစုနှင့် ဓညဝတီ(ခ) ရပ်ကွက်ကြားရှိ မီးလောင်ကွင်းတွင် နေထိုင်သူ အသက် ၁၃ နှစ်အရွယ် လေးတန်းကျောင်းသူ မခင်စိုးနွယ်ဖြစ်သည်။

ကလေးငယ်၏ ဖခင်ဖြစ်သူ ဦးမောင်ဝင်းဌေးက “  ဇွန်လ ၁၈ ရက် နေ့လယ် ဆယ့်နှစ်နာရီလောက်က လက်ကောက် မုန့်ရောင်းမယ်ဆိုပြီး ထွက်သွားတာ။ ညနေပြန်မရောက်လို့လိုက်ရှာကြပါသေးတယ်။ မိဖတွေ တွေ့တဲ့ အချိန်က မနေ့ကမှ ဆေးရုံမှာတွေ့တာပါပဲ။ ဒီနေ့မနက်သေပါတယ်။ ဘယ်လိုပြောရမလဲဗျာ ခံစားရတာပေါ့” ဟုပြောသည်။

မိန်းကလေးငယ်မှာ ဇွန်လ ၁၈ ရက်နေ့ နေ့လယ်ခန့်က မုန့်ရောင်းရန်နေအိမ်မှ ထွက်သွားပြီး နောက်တစ်နေ့ ဇွန်လ ၁၉ ရက် နေ့လယ် ၂ နာရီခန့်တွင် စစ်တွေမြို့ထဲရှိ ဆောက်လက်စ လေးထပ်တိုက် တစ်ခု၏ အပေါ်ဆုံးအထပ် သွေးအိုင်ထဲ၌ လဲကျနေသည်ကို အနီးအနား လူများတွေ့ရှိခဲ့သည်။

၎င်းနောက် အနီးအနားရှိ လူများက စစ်တွေမြို့ရှိ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းကို အကူအညီတောင်းသဖြင့်  အရေးပေါ် လူနာတင်ကားဖြင့် စစ်တွေဆေးရုံသို့ပို့ဆောင်ပေးခဲ့ရသည်ဟု သိရှိရကြောင်း မိန်းခလေး၏ ဖခင်ဖြစ်သူက ဆက်ပြောသည်။

စစ်တွေမြို့ဆေးရုံကြီးမှ လက်ထောက်ဆေးရုံအုပ်ဒေါက်တာမောင်မောင်ဝင်းက “ မနေ့က လာပို့တဲ့ အချိန်မှာ သတိမရဘူး။ အမျိုးသမီးခွဲစိပ်ဆောင်မှာတင်ပြီး တတ်နိုင်သလောက်လုပ်ပေးကြတယ်။ လူနာလည်း သတိ မေ့လာတာဆိုတော့ ဘာဖြစ်တယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး။ အကြောင်းရင်းကတော့ ပြောလို့ မရသေးဘူး။ ကလေးက ကြောက်နေတာကို တွေ့ခဲ့ရတယ်။ မျက်နှာနဲ့ ခန္ဓာမှာ ဒဏ်ရာရှိတာတို့ရှိတယ်။ မုဒိန်းမှု ဖြစ်မလား ဆိုတာက ကောလာဟလ  တွေပါ။ အတိကျကပြောလို့မရသေးဘူး” ဟုပြောသည်။

သေဆုံးမှုမှာ ဦးခေါင်းနောက်စေ့ကွဲဒဏ်ရာဖြင့်သေဆုံးခြင်းဖြစ်ကြောင်း မှုခင်းဆရာဝန်ထံမှ အတည်ပြုချက် ရရှိကြောင်း၊ မိန်းကလေးငယ်၏ လိင်အင်္ဂါတွင် ဒဏ်ရာဒဏ်ချက်မပါသော်လည်း စစ်ဆေးမှုလုပ်ဆောင်သွားမည်ဟု ရဲက တာဝန်ရှိသူက ပြောဆိုကြောင်း၊  ၎င်းတိုက်အား ဆောက်လုပ်နေသည့် ဆောက်လုပ်ရေးအဖွဲ့အား ရဲတပ်ဖွဲ့မှ ခေါ်ယူ စစ်ဆေးနေကြောင်း ၊ အလောင်းအား ယနေ့ ညနေ လေးနာရီတွင် သင်္ဂြိုလ် သွားမည် ဖြစ်ကြောင်း သေဆုံးသွားသူ မခင်စိုးနွယ်၏ ဖခင်က ပြောကြားသည်။

သေဆုံးသူ မခင်စိုးနွယ်မှာ ကျောင်းပိတ်ရက်များတွင် မိဘများဆင်းရဲသဖြင့် မုန့်ကူရောင်းကာ ဝင်ငွေရှာပြီး  ကူညီနေသူ ကလေးငယ်တစ်ဦးဖြစ်ကြောင်း ဆွေမျိုးများမှ သိရသည်။

စစ်တွေမြို့မရဲစခန်းမှ တာဝန်ကျမှုခင်း အရာရှိတစ်ဦးက ၎င်းအမှုကို စစ်ဆေးချက်ယူနေဆဲဖြစ်ကြောင်း ပြောဆိုသည်။ 


ဆက်စပ် သတင်းများ