Preview

ပုဏ္ဏားကျွန်းမြို့ပေါ်တွင် ဓားပြတိုက်မှုဖြစ်ပွား

ဇူလိုင် ၀၆/ ၂၀၂၀ | ကြည့်ရှုသူ :3953
မှုခင်း သတင်း

မာန်ယုကျော် (ရွှေ၀မြေ)

စစ်တွေ၊ ဇူလိုင် ၆ / ၂၀၂၀


ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ နေအိမ်တစ်လုံးကို ဇူလိုင်လ၅ ရက်နေ့က ဓားပြတိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိ၇သည်။


ဓားပြတိုက်ခံခဲ့ရသည့်နေအိမ်မှာ ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်(ဈေးချေ)ရှိ ဦးကျော်နိုင်ထွန်းနှင့် ဒေါ်သန်းနုအေးတို့၏ နှစ်ထပ်ပျဉ်စီပျဉ်ထောင်အမျိုးအစားနေအိမ်ဖြစ်သည်။

 

ဇူလိုင်လ ၅ ရက်နေ့ ညဉ့် ၁ နာရီအချိန်တွင် ဒေါ်သန်းနုအေးနှင့်(၈)နှစ်အရွယ်သားဖြစ်သူတို့ အိပ်နေချိန် မျက်နှာဖုံးစွပ်ထားသည့်အမည်မသိလူနှစ်ဦးကခြံတံခါးကို ဖျက်၍အိမ်ပေါ်တက်ကာ ရွှေငွေ လက်ဝတ်လက်စားများကို ဓားထောက်ယူဆောင်သွားခြင်းဖြစ်သည်ဟု ဒေါ်သန်းနုအေး၏ အမျိုးသားဖြစ်သူ ဦးကျော်နိုင်ထွန်းကနိရဥ္စရာကို ပြောသည်။

 

"ကျနော်က အဲဒီအချိန် မရှိဘူး။ ကုမ္ပဏီမှာ အလုပ်လုပ်ရတာဆိုတော့လုပ်ငန်းရှိတဲ့အချိန်ဆို ပြန်မလာဘူး။ လုပ်ငန်းမရှိမှ ပြန်လာတယ်။ ဖြစ်တဲ့အချိန်ကကျနော့်အမျိုးသမီးနဲ့ ကလေးကို ခြင်ထောင်နဲ့ချုပ်ပြီး ကုတင်တွေပေါ်မှာဓားတင်ထားတယ်တဲ့။ ကျနော့်အမျိုးသမီးက နားကပ်ကလေးတစ်ရံချွတ်ပေးတာကို ဒါနဲ့ မရဘူး။ရှိတာအကုန် ပေးဆိုပြီး တောင်းတယ်တဲ့။ မပေးရင်သတ်ပစ်မယ်။ အော်ရင် သတ်ပစ်မယ်လို့ခြိမ်းခြောက်လုယူသွားတာလို့ ပြောပါတယ်။"ဟု သူက ပြောသည်။

 

ဓားပြတိုက်ခံရမှုကြောင့် နားကပ်တစ်ရံအပါအဝင် တစ်ကျပ်သား လက်ကောက်(၃)ကွင်း၊ တစ်ကျပ်သားကျော်ရှိ ဆွဲကြိုး (၁)ပင်၊ တစ်မတ်သား လက်စွပ် (၂)ကွင်းနှင့်ငါးမူးသား လက်စွပ် (၁)ကွင်းတို့ လုယူခံခဲ့ရသည်ဟု သိ၇သည်။

 

ယခုဖြစ်စဉ်မှာ ဟုတ်မှန်သည်ဟု အဆိုပါရပ်ကွက်အုပ်ချုပ်ရေးမှူးဦးအောင်စိန်လှက နိရဥ္စရာကို အတည်ပြုသည်။

 

"အိမ်ထဲကိုဝင်ပြီးတော့ လုသွားတာပါ။ ညဉ့်အချိန်ဖြစ်တာမှန်ပါတယ်။ ကျနော့်ဆီကိုတော့ မနေ့က မနက် ၁၁ နာရီလောက်မှာ တိုင်လာပါတယ်။"ဟုသူက ပြောသည်။

 

လက်ရှိတွင် ရခိုင်ပြည်နယ်၌ တရားဥပဒေစိုးမိုးမှုမရှိဖြစ်နေ၍ဟုဆိုကာယခုဖြစ်စဉ်ကို ရဲတပ်ဖွဲ့ထံ တိုင်ကြားလိုစိတ်မရှိဟုလည်း ဓားပြတိုက်ခံ၇သူဒေါ်သန်းနုအေး၏အမျိုးသား ဦးကျော်နိုင်ထွန်းက ပြောသည်။

 

"တိုင်ရင်လည်း ဥပဒေစိုးမိုးမှုက သိပ်မရှိတော့ဘူး မြင်နေလို့လေ။ခေတ်ကာလက မကောင်းတော့ မတိုင်ရဲဘူးဖြစ်နေတယ်။ ပြန်ပြီးခြိမ်းခြောက်မှာကိုကြောက်၇တယ်လေ"ဟု သူက ဆိုသည်။

 

ဦးကျော်နိုင်ထွန်းသည် ဘတ်ဟိုးမောင်းပြီးသူ၏အမျိုးသမီးဒေါ်သန်းနုအေးသည် ဗိုက်ခွဲထား၍ မည်သည့်အလုပ်မှမလုပ်တော့ဟု သိ၇သည်။

ဓာတ်ပုံ - ပုဏ္ဏားကျွန်းမြို့အား အပေါ်စီးမှ တွေ့၇စဉ်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.