ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ် ကျိန္တလီမြို့တွင် ကျပ်ဘီလီယံပေါင်းများစွာတန်ဖိုးရှိ ICE မူးယစ်ဆေးဝါများ ဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ သြဂုတ် ၂၀၂၀
  • | ကြည့်ရှုသူ: 2.6k

ခိုင်လူလှ (ရိုးမမြေ)

နိရဥ္စရာ၊ သြဂုတ် ၁၈/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးရှိ ပင်လယ်ကမ်းစပ် ချောင်းတစ်ခုထဲမှ ကျပ်ဘီလီယံပေါင်းများစွာတန်ဖိုးရှိသည့် ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးမိသည်ဟု သတင်းရရှိသည်။

ကျိန္တလီမြို့ စခန်းမှူး ကျော်လွင်ဦးက “ တန်ဖိုးက ကျပ် ၃၁ ဒဿမ ၇၄ ဘီလီယံတန်ဖိုးရှိပါတယ်။ အထုပ်တွေက အများကြီး၊ ပီနံအိတ်တွေနဲ့ ထုပ်ထားတာ။  ဆာလာအိတ်လို့ခေါ်တာပေါ့။  အလေးချိန်က ၁၃၁ဝ ကီလိုဂရမ် ရှိပါတယ်။ ICE တွေပါ” ဟု ပြောသည်။

၎င်းမူးယစ်ဆေးဝါးများအား ဩဂုတ်လ ၁၆ ရက်နေ့၌ ကျိန္တလီမြို့အပိုင် ရမ္မာကျွန်း ကျေးရွာအနီး မောင်းဒေါက်ချောင်းအတွင်း မသင်္ကာဖွယ် မော်တော်ဘုတ်တစ်စီးပေါ်မှ ဖမ်းဆီးရမိသည်ဟု သိရသည်။

“ ကျွန်တော်ကို ဒီလ ၁၆ ရက်နေ့ အကြောင်းကြားတယ်။ ဘုတ်က စက်ပျက်ပြီးရပ်ထားတာ။ ဘုတ်က တောင်ကုတ်က ဘုတ်ဖြစ်တယ်လို့ စစ်ဆေးသိရှိရတယ်။ ဘုတ်သမား ၅ ဦးကိုလည်း ဖော်ထုတ် ဖမ်းဆီးရမိတယ်။ မနေ့ကတော့ ရမန်ယူပြီး စစ်ဆေးနေပါတယ်။ ဘယ်သူတွေ နောက်ကွယ်က ပါဝင်ပတ်သက်နေသလဲဆိုတာတော့ စစ်ဆေးနေတုန်းဖြစ်တဲ့ အတွက် မပြောနိုင်သေးဘူး” ဟု ပြောကြားသည်။

ဖမ်းဆီးရမိသူများအား ကျိန္တလီနယ်မြေရဲစခန်းမှ မယ(ပ)၁/၂ဝ၂ဝ၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

ဂွမြို့နယ် တရားလွှတ်တော်ရှေ့နေ့ ဦးတင်ညိုက “ အခု ဖမ်းမိ ဘုတ်သမားတွေက တောင်ကုတ်ကလို့ သိရတယ်။ သူတို့ကတော့ သူများဟာ သယ်ပေးကြရတဲ့သူတွေပါ။ သူတို့နောက်မှာ မှောင်ခိုဂိုဏ်းကြီးတွေ ရှိပါလိမ့်မယ်။ ဒေသခံလူထုကတော့ အဲဒီနောက်ကွယ်က ကြိုးကိုင်သူတွေကို ဖော်ထုတ်နိုင်မလား ဆိုပြီးစောင့်ကြည့်နေကြပါတယ်”ဟု ပြောကြားသည်။ 

ယခင်က ဂွမြို့နယ်၊ ရွှေမှော်ချိုင်မှ မလေးရှားသို့ တင်ပို့မည့် ICE အမျိုးအစား မူးယစ်ဆေးဝါးများကို မော်တော်ဘုတ်တစ်စီးပေါ်မှ ဖမ်းဆီးရမိခဲ့မှုများရှိခဲ့သည်ဟု ၎င်းက ပြောသည်။ 


ဆက်စပ် သတင်းများ