ကြာသပတေး၊ ဧပြီလ ၂၅ရက်၊ ၂၀၂၄

မလေးရှားတွင် ရခိုင်တစ်ဦးအဆုံးစီရင်၊ ကိုဗစ်ကာလ မိမိကိုယ်ကိုအဆုံးစီရင်သည့် မြန်မာနိုင်ငံသား ၁၇ ဦးထိရှိသွားပြီ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 4.7k

ခိုင်လူလှ (ရိုးမမြေ)
နိရဥ္စရာ၊ စက်တင်ဘာ၁၈/၂ဝ၂ဝ

ကိုဗစ် ၁၉ ကာလအတွင်း မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် ရခိုင်အမျိုးသားတစ်ဦး စက်တင်ဘာ ၁၅ ရက်နေ့က မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့သဖြင့် မလေးရှားနိုင်ငံတွင် မိမိကိုယ်ကို အဆုံးရင်သွားသည့် မြန်မာနိုင်ငံသားမှာ ၁၇ ဦး ရှိသွားပြီဟု သတင်းရရှိသည်။

အဆုံးစီရင်သွားသူမှာ ကိုဇော်ဇော် (၄၄) နှစ် အရွယ်ဖြစ်ပြီး သူ၏ ဇာတိမှာ ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ် ဇရပ်ကုန်းခင်ရွာမှ ဖြစ်ကြောင်း သိရသည်။

၎င်းသည် စက်တင်ဘာလ ၁၅ ရက်နေ့က မလေးရှားနိုင်ငံ ဆလန်ကောပြည်နယ် ရှားလန်းမြို့တွင် အဆုံးစီရင်သွားခြင်း ဖြစ်ကြောင်း အာရ်အက်ဖေ၏ စက်တက်ဘာ ၁၇ ရက်နေ့ထုတ် သတင်းအရ သိရသည်။

အဆိုပါ သတင်းရရှိပြီးနောက် မာန်အောင်မြို့နယ် ဇရပ်ကုန်းခင်ရွာသို့ ဆက်သွယ်ရာ သေဆုံးသွားခြင်းမှာ ဟုတ်မှန်ကြောင်း အရပ်လူကြီးတစ်ဦးက အတည်ပြု ပြောကြားသည်။

“ သေဆုံးသွားတာ မိသားစုဆီသတင်းရောက်ပါတယ်။ ရွာမှာတော့ သူ့အတွက် အလှူလုပ်ဖို့ ပိုက်ဆံတွေ စုပေါင်းကောက်ခံနေပါတယ်။ သူက ဒီရွာက ဦးမောင်ကျော်နုသားဖြစ်ပါတယ်။ ဘာကြောင့် ခုလို သေကြောင်းကြံစည်သလဲဆိုတာတော့ မသိရပါ။ ကြိုးဆွဲချ သေတယ်လို့ဘဲ သတင်းရပါတယ်။ သူ့မှာ သားတစ်ယောက်လည်း သူနဲ့ အတူ မလေးရှားမှာ အလုပ်လုပ်ပြီး ရှိပါတယ်” ဟု ဇရပ်ကုန်းခင်မှ အရပ်လူကြီး တစ်ဦးဖြစ်သူ ဦးစံလင်းအောင်က ပြောသည်။

ဦးဇော်ဇော်၏ နာရေးကို မလေးရှားနိုင်ငံ ရှားလန်းမှာရှိသည့် ကပုန်းနာရေးကူညီမှုအသင်းက ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း  ကွာလာလမ်ပူမြို့က မြန်မာအလုပ်သမားသံအရာရှိ ဦးအောင်ဇော်မင်းက  ပြောကြောင်း အာရ်အက်ဖေ သတင်းတွင် ဖော်ပြထားသည်။

စက်တင်ဘာလ ၁၄ ရက်နေ့က မကွေးတိုင်း၊ တောင်တွင်းကြီးမြို့ နယ် သီရိမင်္ဂလာကျေးရွာက အသက် ၂၂ နှစ်အရွယ် ကိုခင်မောင်ထွန်းလည်း အဆုံးစီရင်သွားကြောင်း သတင်းတွင် ဖော်ပြသည်။

မြန်မာနိုင်ငံသားများ ယခုလို အဆုံးစီရင်ကြခြင်းမှာ ကိုဗစ်ကာလ စိတ်ဖိစီးမှုတခုကြောင့် အဓိကဖြစ်ကြောင်း ဦးအောင်ဇော်မင်းက ပြောသည်ဟု သတင်းတွင် ဖော်ပြထားသည်။

( Photo by Thit Htoo Lwin)

ဆက်စပ် သတင်းများ