ကြာသပတေး၊ မတ်လ ၂၈ရက်၊ ၂၀၂၄

စစ်တွေမြို့နယ်ကျေးရွာနှစ်ခုမှ အမျိုးသမီးတစ်ဦးနှင့်အမျိုးသားတစ်ဦးတို့ မိုးကြိုးထိမှန်သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 7.8k

အိမ်စိုးဖြူ
နိရဥ္စရာ၊ စက်တင်ဘာ ၁၉/၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ကျေးရွာနှစ်ခုမှ အမျိုးသမီးတစ်ဦးနှင့်အမျိုးသားတစ်ဦး တို့မှာ ယနေ့ ညနေ ၆ နာရီကျော်တွင် မိုးကြိုးထိမှန်၍ သေဆုံးခဲ့ကြောင်းသတင်းရရှိသည်။

သေဆုံးသူများမှာ ချောင်းနွယ်ကျေးရွာအုပ်စု ဇော်မဒက်ကျေးရွာမှ မအဝင်းချေ(၂၃)နှစ်နှင့် သိန်းတန်ကျေးရွာမှ မောင်သန်းလင်း(၃ဝ)နှစ်တို့ဖြစ်ကြသည်။

မအဝင်းချေမှာ သူမ၏သားဖြစ်သူအား နေအိမ်ဝရန်တာတွင် ထမင်းကျွေးနေစဉ် မိုးကြိုးထိမှန်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ချောင်းနွယ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်စိ်န်မောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

“သူ့သားလေးကို အိမ်ရဲ့ဝရန်တာလိုမျိုးအခန်းမှာ ထမင်းကျွေးနေတာ။ အဲဒီအချိန်မှာ မိုးကြိုးပစ်လိုက်တာ။ ကလေးက ဘာမှ သိပ်မဖြစ်ဘူး။ သူမကတော့ တစ်ကိုယ်လုံးလောင်သွားတယ်လို့သိရတယ်။ ကျွန်တော် ရောက်သွားတော့ ဆေးရုံမှာ ခွဲရုံထဲသွင်းသွားပြီ” ဟုပြောသည်။

၄င်းမှာ မအဝင်းချေ သေဆုံးမှုအား သက်ဆိုင်ရာများကို အကြောင်းကြားထားကြောင်း ဆက်ပြောသည်။

သိန်းတန်ကျေးရွာမှ မောင်သန်းလင်းမှာ ကဏန်းပိုက်ထောင်ရန် ညနေခြောက်နာရီခန့်က နေအိမ်မှ ထွက်ခွာသွားပြီးနောက်ရွာအနီးရှိ လယ်ကွင်းအရောက်တွင် မိုးကြိုးထိမှန်သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

၄င်းနှင့်တစ်ရွာတည်းနေဆွေမျိုးတော်စပ်သူ ဒေါ်မလှသိန်းက “သူက ကဏန်းထောင်ဖို့ သွားတာပါ။ လယ်ကွင်းထဲမှာ မိုးကြိုးပစ်ခံရပြီးသေတာပါ။ သူ့မှာမိန်းမနဲ့ကလေးနဲ့ပါ။ အလောင်းကို ရွာက ဇရပ်ကိုယူသွားကြတယ်။ မျက်နှာတွေ လောင်သွားတယ်လို့ပြောတယ်။ မကြည့်ရဲလို့ သွားမကြည့်လိုက်ဘူး။ သနားလို့” ဟုပြောသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ စစ်တွေမြို့နယ် အမှတ်(၂) နယ်မြေခံရဲစခန်းအား ဆက်သွယ်ရာ စခန်းမှူးက ကြားသိကြောင်း၊ စုံစမ်းနေကြောင်းပြောသည်။

“ကြားတော့ ကြားတယ်။ စုံစမ်းနေတယ်။ ကျွန်တော်တို့ဆီမှာပဲ အမှုဖွင့်ရမှာ ဆိုပေမယ့် အဲဒါက အမြင့်ကျွန်းရဲစခန်းကဘဲကိုင်မယ်။ ကျွန်တော်တို့ မေးမြန်းနေပါတယ်” ဟုပြောသည်။

ယနေ့ ညနေတွင် စစ်တွေမြို့နယ်၌ မိုးထစ်ချုန်း  ရွာသွန်းခဲ့ပြီး တစ်ညနေလုံး လျှပ်စီးလက်ခဲ့ကာ တစ်ညတည်းတွင် မိုးကြိုးပစ်၍ လူနှစ်ဦးသေဆုံးခဲ့သည့်အတွက် ဒေသခံများ စိုးရိမ်နေကြသည်ဟု သိရသည်။

ဆက်စပ် သတင်းများ