သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

အမ်းမြို့နယ်တွင် သစ်တင်ကားတိမ်းမှောက်၍ ၅ ဦးသေ ၂ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၆ စက်တင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 9.8k

ဆောင်းဇာခြည်
နိရဥ္စရာ၊ စက်တင်ဘာ ၂၆/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် သစ်တင်ကားတိမ်းမှောက်မှုဖြစ်၍ မဲကမ်းထောင်းရွာသား ၅ ဦး ပွဲချင်းပြီး သေဆုံးသွားခဲ့ကာ၂ ဦးဒဏ်ရာရရှိသွားသည်ဟု သတင်းရရှိသည်။

သေဆုံးသူ ၅ ဦးမှာ မဲကမ်းထောင်းရွာနေ ဦးမောင်ဆန်းဝင်း (၃ဝ) နှစ် ၊ ဦးညီစိတ်ကေ (၂၈) နှစ်၊ ဦးနေလင်းဇော် (၄၂)၊ ဦးညီစိုးဝင်း (၃၅) နှစ်၊ ဦးမောင်ဝင်းတင် (၄၃) နှစ်တို့ဖြစ်ကြောင်း  သေဆုံးသွားခဲ့သူ ဦးနေလင်းဇော်၏ မိသားစုဝင်များက ပြောသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၂၄ ရက်နေ့ နံနက် ၈ နာရီခွဲခန့်က သစ်အငှား ပြောင်းရန်ဟုဆိုကာ ယင်း ၅ ဦးမှာ ၎င်းတို့၏ နေအိမ်အသီးသီးတို့မှ ထွက်သွားခဲ့ပြီးနောက် ယင်းနေ့ ညနေ ၄ နာရီခန့်၌ ကားတိမ်းမှောက်မှုဖြစ်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ ဦးနေလင်းဇော်၏ ဆွေမျိုးတော်စပ်သူ မခင်ဖြိုးဝေက ပြောသည်။

“ဦးနေလင်းဇော်က သစ်အငှားပြောင်းပေးမယ်ဆိုပြီး အဲဒီနေ့က အိမ်က ထွက်သွားတာပေါ့။ တခြား အဲဒီ သေသွားတဲ့ လူတွေနဲ့လေ။ အဲဒီမှာ အိမ်ကို ပြန်အလာ လမ်းမှာ အက်စီးဒင့်ဖြစ်တာ။ ပြောကြတာကတော့ ကားဘီးပေါက်ပြီး လျော်သွားတာလို့ ပြောကြတယ်။ အဲဒီမှာ လူတွေက ကားအောက်ကိုရောက်ပြီးမှ ကားပေါ်က သစ်တုံးတွေက လာပိတာပေါ့။ အဲဒီမှာ ဖြစ်တာ။ ဒဏ်ရာရသွားတဲ့ နှစ်ယောက်ကတော့ ဆေးရုံမှာပေါ့” ဟု မခင်ဖြိုးဝေက နိရဥ္စရာသို့ ပြောသည်။

သေဆုံးသွားသူများမှာ ကားပေါ်မှ ပြုတ်ကျပြီး အပေါ်မှ သစ်တုံးကြီးမှ ပြုတ်ကျလာကာ ဦးခေါင်းကွဲ၊ ခါးဆစ်ပြုတ်၊ လက်ကျိုး၊ ခြေထောက်ကျိုး စသည့် ဒဏ်ရာများဖြင့် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၂၄ ရက်နေ့ ညနေ ၄ နာရီခန့်၌ အမ်းမြို့နယ်၊ ညောင်ချောင်းကျေးရွာ၏ ၅ မိုင်ခန့်အကွာ အမ်းမြို့နယ်နှင့် တောင်ကုတ်မြို့နယ်၊ မအီမြို့သို့ ဆက်သွယ်ထားသည့် သံပုရာလမ်း၌ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မဲကမ်းထောင်းကျေးရွာမှ ဦးဝင်းသန်းလှိုင်က ပြောသည်။

“အမ်းနဲ့ မအီကို ဆက်သွယ်ထားတာ အဲဒီလမ်းက။ အဲဒီလမ်းမှာ တောင်ကုန်းတွေကို ကျော်သွားရတာလည်း ရှိတယ်။ ဒါပေမယ့် အခုသူတို့ ကားမှောက်တဲ့ နေရာက တောင်ကုန်းကို အတက်အဆင်းမှာ ဖြစ်တာမဟုတ်ဘူး။ မြေညီမှာ ဖြစ်သွားတာ။ ရှေ့ဘီးပေါက်ပြီး ကာယးမှောက်တယ်လို့လည်း ပြောကြတယ်” ဟု ဦးဝင်းသန်းလှိုင်က ပြောသည်။

အဆိုပါ ကားမှာ တရားမဝင် သစ် ၃ တန်ကို တင်ဆောင်လာကာ မအီဘက်သို့ သွားသည့် လမ်း၌ တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ဒဏ်ရာရသွားသူ ၂ ဦးမှာ ရမ်းဗြဲမြို့နယ်မှ တစ်ဦးနှင့် မဲကမ်းထောင်းကျေးရွာမှ တစ်ဦးတို့ဖြစ်ကြောင်း အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က အတည်ပြု ပြောကြားသည်။

“တရားမဝင် သစ် ၃ တန်ကို တင်ဆောင်လာစဉ် တိမ်းမှောက်မှုဖြစ်တာ။ သစ်ပိုင်ရှင်ကို ရဲကနေပြီးတော့ အမှုဖွင့်ပြီးတော့ ပိုင်ရှင်ရှိလည်းရှိ၊ မရှိလည်း မရှိ အဲဒီသယ်လာတဲ့ လူတွေထဲက ယာဉ်မောင်းနဲ့ အဲဒီသစ်ကိုတော့ အရေးယူထားတာပေါ့” ဟု မြို့နယ် အုပ်ချုပ်ရေးမှူးက ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး တပ်တောင်ရဲစခန်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ တာဝန်ရှိ ရဲဝန်ထမ်းတစ်ဦးက “သစ်က သင်းပုန်းသား ဒေသထွက်သစ်တွေပေါ့နော်။ အဲဒီမှာ ကားမှာ စုစုပေါင်း ၈ ယောက်ပေါ့။ သေသွားတာက ၅ ယောက်၊ ဆေးရုံမှာ ၂ ယောက်နဲ့ ထွက်ပြေးသွားတဲ့ ယာဉ်မောင်း ၁ ယောက်ပေါ့။ ယာဉ်မောင်းနဲ့ ဆေးရုံက နှစ်ယောက်ကို ကျွန်တော်တို့က တရားလိုလုပ်ပြီး စွဲထားပါတယ်။ ယာဉ်မောင်းက ထွက်ပြေးနေတုန်းပါ” ဟု နိရဥ္စရာသို့ ပြောသည်။

ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃ဝ၄-က၊ ၃၃၇ ၊ ၃၃၈ စသည်တို့ဖြင့် အရေးယူလုပ်ဆောင်လျှက်ရှိကြောင်း အဆိုပါ တာဝန်ရှိ ရဲဝန်ထမ်းက ပြောသည်။

ယင်း သေဆုံးသူ ၅ ဦးအား ယမန်နေ့ စက်တင်ဘာ ၂၅ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် မဲကမ်းထောင်း သင်္ချိုင်း၌ သင်္ဂြိုလ်ခဲ့ကြောင်း၊ ဒဏ်ရာရှိသွားသူ ၂ ဦးအား အမ်းမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားပြြီ ဖစ်ကြောင်း သိရသည်။

ဆက်စပ် သတင်းများ