Preview

ငပလီကမ်းခြေတွင် ရေနစ်မြုပ်ပျောက်ဆုံးနေသည့်ကျောင်းသားနှစ်ဦးအနက် တစ်ဦး၏အလောင်းအားရှာတွေ့

နိုဝင်ဘာ ၀၂/ ၂၀၂၀ | ကြည့်ရှုသူ :4147
မှုခင်း သတင်း

မာန်ယုကျော် (ရွှေ၀မြေ)
စစ်တွေ၊ နိုဝင်ဘာ ၂ / ၂၀၂၀

ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီမြို့ ဂေါ့ရပ်ကွက်ရှိ ကမ်းခြေတွင် ရေနစ်မြုပ်ပျောက်ဆုံးနေသည့် တောင်ငူမှ ကျောင်းသားနှစ်ဦးအနက် တစ်ဦး၏အလောင်းအား ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်ကြောင်း သိ၇သည်။

ရှာတွေ့ခဲ့သည့်အလောင်းမှာ ကိုသူ၇အောင်(ခေါ်) လေးပေါင် (၁၈ နှစ်)ဖြစ်သည်။ ကမ်းခြေတွင် လာတင် နေသည့် သူ့အလောင်းကို ယမန်နေ့ နိုဝင်ဘာလ ၁ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ရှာတွေ့ခဲ့ခြင်း ဖြစ်သည်ဟု ဂေါ့ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဇော်နိုင်ဦးက အတည်ပြုပြောသည်။

“သူနစ်မြုပ်သွားတဲ့နေရာရဲ့ မြောက်ဘက် ၄ ဖာလုံလောက်အကွာမှာ လှိုင်းပုတ်လို့ ကမ်းကိုလာတင်လာတာမှာ တွေ့တာဖြစ်ပါတယ်”ဟု သူက ဆိုသည်။

အလောင်းအား သံတွဲမြို့နယ် ကြက်ခြေနီအဖွဲ့နှင့် သံတွဲနာရေးကားဖြင့် ဆေးရုံကို ပို့ဆောင်ခဲ့သည်ဟုလည်း သိ၇သည်။

ယခုတွေ့ရှိခဲ့သည့် ကိုသူရအောင်နှင့်အတူ ရေနစ်မြုပ်ပျောက်ဆုံးနေသည့် ကိုဝေလျှံထက် (ခေါ်) အတူး (၂၂ နှစ်)ကို ယနေ့ နံနက် ၁၀ နာရီခန့်အထိ ရှာဖွေမတွေ့သေး၍ ဆက်လက်ရှာဖွေနေကြဆဲဟု ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောသည်။

ညီအစ်ကိုဝမ်းကွဲများဖြစ်ကြသည့် ၎င်းတို့နှစ်ဦးသည် အခြား (၄)ဦးနှင့်အတူ အောက်တိုဘာလ ၃၁ ရက်နေ့ နေ့လယ် ၂ နာရီခန့်တွင် ငပလီမြို့ရှိ ဂေါ့ကမ်းခြေ၌ ရေချိုးဆင်းရာမှ ရေနစ်မြုပ်ပျောက်ဆုံးသွားခြင်းဖြစ်သည်။

သူတို့နှစ်ဦးသည် တောင်ငူမြို့နယ် လဲဘူးကျေးရွာမှဖြစ်ပြီး ကိုသူရအောင်သည် ဒသမတန်း(ဘောဂတွဲ) ကျောင်းသား တစ်ဦးဖြစ်ပြီး ကိုဝေလျှံထက်သည် တောင်ငူတက္ကသိုလ် စိတ်ပညာမေဂျာ နောက်ဆုံးနှစ် ကျောင်းသားဖြစ်သည်ဟု ကိုဝေလျှံထက်၏ ဖခင် ဦးဇော်လင်းက နိရဥ္စရာသို့ပြောဆိုထားသည်။

သူတို့နှစ်ဦးနှင့် ကမ်းပေါ်တွင်ကျန်ခဲ့သူလေးဦး၊ ပေါင်း (၆)ဦးသည် သံတွဲမြို့နယ် ရွှေလှော်ကျေးရွာအနီး Mytel ဆက်သွယ်ရေးကုမ္ပဏီ၏ ဖုန်းတာဝါတိုင်တည်ဆောက်ရေးလုပ်ငန်းခွင်တွင် ဝင်ရောက် အလုပ် လုပ်ကိုင် နေကြသူများဖြစ်သည်ဟုလည်း သိ၇သည်။

#မှုခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.