ကြာသပတေး၊ ဧပြီလ ၁၈ရက်၊ ၂၀၂၄

ကျောက်တော်မြို့နယ် သရီမြစ်အတွင်း စက်လှေနစ်မြုပ်ပြီး အမျိုးသမီးတစ်ဦးသေဆုံး၊ နှစ်ဦးပျောက်ဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 1.7k

အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၁၈ / ၂ဝ၂ဝ

ကျောက်တော်မြို့နယ်မှ မြောက်ဦးမြို့နယ်သို့ အသွား စက်လှေတစ်စီး သရီမြစ်အတွင်း ယနေ့ နံနက် ၁၁ နာရီခန့်က နစ်မြုပ်သွားသဖြင့် အမျိုးသမီးတစ်ဦးသေဆုံးကာ နှစ်ဦးပျောက်ဆုံးနေကြောင်းသတင်းရရှိသည်။

သေဆုံးသူများမှာ ဒေါ်ဦးတင်ယိုင်(၅၄)နှစ်ဖြစ်သည်။  ပျောက်ဆုံးနေသူ ၂ ဦးမှာ  မဇာဇာဝင်း(ခ) မဝင်းချေဘု (၂ဝ)နှစ်နှင့် ဒေါ်ကျော့နု (၃၂)နှစ်တို့ဖြစ်သည်။

၄င်းတို့မှာ ကျောက်တော်မြို့နယ်ကြောင်စွယ်ဖြူကျေးရွာမှ မြောက်ဦးမြို့နယ် ကင်းချောင်းကျေးရွာသို့ ဟွန်ဒါစက်လှေဖြင့် အပြန်တွင် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု ကြောင်စွယ်ဖြူကျေးရွာ ရာအိမ်မှူး ဦးအေးထွန်းမောင်က နိရဥ္စရာသတင်းဌာနအားပြောသည်။

“ သူတို့က အမျိုးတွေ၊ ကောင်မလေးက ကြောင်စွယ်ဖြူမှာ အိမ်ထောင်ကျပြီးကလေးမွေးတာကို လာပြီး မီးနေစောင့်ပေးကြတာပါ။ အပြန်ကို ကောင်လေးရဲ့အဖေနဲ့စက်လှေသမားတို့ကလိုက်ပို့တာပါ။ ဧည့်သည် ၇ ယောက်နဲ့ ရွာသား၂ယောက်ပေါ့။ အဲဒီမှာ စက်လှေနစ်ပြီး တစ်ယောက်သေတာပါ။ ကျန်နှစ်ယောက်ကို ရှာမရတော့ သေပြီလို့ မှတ်လိုက်ကြပြီ။ ဒေါ်ဦးတင်ယိုင်ကို စက်လှေနစ်ပြီး မကြာခင် ကယ်နိုင်ပြီး ကမ်းပေါ် ရောက်မှ သေဆုံးသွားတယ်” ဟုပြောသည်။

၎င်းဟွန်ဒါစက်လှေသည်သရီမြစ်မှ အရက်သယ်မချောင်းဝသို့ ဝင်စဉ် လိုင်းကြီးရာမှ စက်လှေပေါ်ပါသူများ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နစ်မြုပ်သွားခြင်း ဖြစ်ကြောင်း ပြောကြားသည်။

“ မြုပ်တာက ကျောက်တော်မြို့နယ်ဘက်မှာကျပါတယ်။ မြောက်ဦးမြို့နယ်အစပ်ပါ။ ဒီနေ့ ညနေပိုင်းထိ ပျောက်ဆုံးနေတဲ့ အမျိုးသမီးနှစ်ဦးကို ရှာဖွေနေပါတယ်” ဟု ပြောကြားသည်၊
အနီးအနားရွာသားများမှ ပျောက်ဆုံးနေသည့် အလောင်းများအား ရှာဖွေနေကြောင်း သူကဆက်ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးဦးထွန်းဝင်းအား ဆက်သွယ်ရာ ၄င်းမှာ ရွာသားများမှဆက်သွယ်လာသဖြင့် ကြားသိရကြောင်းပြောသည်။

“ကျွန်တော်ခရီးကပြန်လာနေတာပါ။ အဲဒီဖက်ရွာက တစ်ယောက်က ဖုန်းဆက်လာတယ်။ စက်လှေမှောက်ပြီး အမျိုးသမီးတွေပါသွားတယ်လို့ပြောတယ်။ တစ်ယောက်သေဆုံး၊ နှစ်ယောက်ပျောက်နေတယ်လို့ သိရပါတယ်” ဟုပြောသည်။

စက်လှေပေါ်ပါလာသူများအား အနီးအနားရှိ ရက်ကန်းသည်မ(ခ) အရက်သည်မ ရွာတွင် ကယ်တင် ထားကြောင်း သိရသည်။

ဆက်စပ် သတင်းများ