စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ်တွင် ၂ လအတွင်း ကျပ်သိန်းပေါင်းလေးသောင်းနီးပါးတန်ဖိုးရှိ မှောင်ခိုသစ်များဖမ်းဆီးရမိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၀ နိုဝင်ဘာ ၂၀၂၀
  • | ကြည့်ရှုသူ: 3.8k

အိမ်စိုးဖြူ
နိရဥ္စရာ၊ နိုဝင်ဘာ ၂ဝ/ ၂ဝ၂ဝ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်တွင် လွန်ခဲ့သည့် အောက်တိုဘာနှင့် နိုဝင်ဘာ (၂) လအတွင်း ကျပ်ငွေ သိန်းပေါင်း လေးသောင်းနီးပါး အထိ တန်ဖိုးရှိ မှောင်ခိုသစ်များကို ဖမ်ဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။

တောင်ကုတ်မြို့နယ် သစ်တောနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သစ်တန်ချိန် နှစ်ထောင်နီးပါးကို ဖမ်းဆီးရမိပြီး ယင်းသစ်တုံးများအား တောင်ကုတ်မြို့နယ် သစ်တောဦးစီးဌာနကို လွှဲပြောင်းပေးနေကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးက နိုဝင်ဘာ ၁၉ ရက်နေ့ ညနေကထုတ်ပြန်သည်။

တောင်ကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းသူက “ကျွန်တောတို့ ပူးပေါင်းအဖွဲ့တွေနဲ့ဖမ်းတာတော့မှန်ပါတယ်။ အရေအတွက်ကတော့ သစ်တောမှပဲသိမယ်။ သစ်တောဌာနကို မေးကြည့်ရပါမယ်” ဟုပြောသည်။

တောင်ကုတ်မြို့နယ်၊ အနောက်ဘက်ပင်လယ်ပြင်နှင့် ဆက်စပ်မြစ်ချောင်းများအတွင်းမှ အောက်တိုဘာလ ၁၇ ရက်နေ့မှ ၂၄ ရက်နေ့အတွင်း နေရာ ၁၁ ခုမှ  သစ်မှောင်ခိုတင်လာသည့် သင်္ဘောစက်လှေ အချို့မှ ကျွန်း၊ ပိတောက်၊ ကညင်နှင့် အခြားသစ်များအပါအဝင် သစ်အရွယ်အစားအစုံ သစ်တုံး ၂ဝဝဝဝကျော်ခန့်၊ သင်္ဘောနှင့် စက်လှေအကြီး ၁၂ စီးနှင့် လူ ၆၁ ဦးတို့အား ဖမ်းဆီးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးက နိုဝင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယင်းနောက်  နိုဝင်ဘာ ၈  ရက်နေ့ က တောင်ရင်းချောင်းများအနီးတွင် စုပုံထားသည့် သစ်မျိုးစုံ ၁၅ဝဝတုံးအား ထပ်မံဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါဖမ်းဆီးရမိသည့် သစ်များအား တောင်ကုတ်မြို့နယ် သစ်တောဦးစီးဌာနသို့ လွှဲပြောင်း အပ်နှံထားကြောင်း၊ လွှဲပြောင်းထားသည့်သစ်စုစုပေါင်း ၁၆၂၇ ဒသမ ၂၁၉၁ တန်(ခန့်မှန်းတန်ဖိုးကျပ်သိန်းပေါင်း ၃၉ဝ၂၃ခန့်)ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

ကျန်ရှိနေသည့် သစ်တုံး ၁ဝဝဝဝ (တစ်သောင်း)ကျော်အား ဆက်လက်လွှဲပြောင်းရန် ဆောင်ရွက်လျက် ရှိကြောင်း သတင်းတွင် ဖော်ပြထားသည်။

(ဓာတ်ပုံ- တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့)

ဆက်စပ် သတင်းများ